Home
မြန်မာသတင်း
ရခိုင်က မြို့နယ် ၃ ခုတွင် တိုက်ပွဲပြင်းထန်နေဆဲဟု AA ထုတ်ပြန်
DVB
·
September 28, 2024

ရခိုင်ပြည်နယ် အမ်း၊ ဂွနဲ့ မောင်တောမြို့နယ်တို့မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA)တို့ကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းတွေ၊ လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရမိထားတယ်လို့ AA က စက်တင်ဘာ ၂၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

အမ်းမြို့နယ်၊ ကျောက်စကွဲကျေးရွာနားမှာ စကခ ၅ လက်အောက်ခံတပ်ရင်းတွေဖြစ်ကြတဲ့ ခမရ ၃၄၆၊ ခမရ ၃၇၃၊ ခမရ ၃၇၂ တပ်ရင်းက အင်အား ၁၀၀ နီးပါး ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းကို စက်တင်ဘာ ၂၆ ရက်နဲ့ ၂၇ ရက်မှာ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၅ လောင်းနဲ့ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတချို့ သိမ်းဆည်ရမိခဲ့တယ်လို့ ဆိုပါတယ်။

ဒ့ါအပြင် ဂွမြို့နယ်၊ ကျောက်ပါးစပ်ကျေးရွာအနီးမှာလည်း စက်တင်ဘာ ၂၄ ရက်က စစ်ကောင်စီနဲ့ AA တို့အကြား ၂ နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်အထိ စစ်ရေးတင်းမာနေဆဲလို့ ရေးသားထားပါတယ်။

လက်ရှိ ရခိုင်မှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်တာ မရှိပေမဲ့ AA က ရည်မှန်းချက်အတိုင်း ရခိုင်ပြည်က စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သွားမယ်လို့ ရခိုင်စစ်ရေးအကဲခတ် တယောက်က ပြောပါတယ်။

“ဒီရက်ပိုင်း AA က စစ်ရေးငြိမ်သက်နေတယ်ဆိုပြီး လူတွေက ပြောနေကြတယ်။ ဒါပေမယ့် AA က သူ့အလုပ် သူလုပ်နေဆဲဖြစ်တယ်။ အရင်လတွေတုန်းကထက် တိုက်ပွဲတွေ အနည်းငယ် လျော့သွားတဲ့ သဘောလောက်ပဲရှိတယ်။ AA ကတော့ ရခိုင်ပြည်ထဲက စစ်ကောင်စီစခန်း  အားလုံးကို တိုက်ထုတ်သွားမယ်လို့ ကြေညာထားပြီးဖြစ်တာကြောင့် ရည်မှန်းချက်အတိုင်း တိုက်ထုတ်သွားမှာပါ” လို့ပြောပါတယ်။

မောင်တောမြို့မှာလည်း အလုံးစုံသိမ်းပိုက်ဖို့ မြို့တွင်းမှာ ကစဉ့်ကလျားထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်သားတွေ၊ သင်တန်းဆင်း ရိုဟင်ဂျာတွေ၊ ARSA၊ RSO၊ ARA စတဲ့ ရိုဟင်ဂျာ လက်နက်ကိုင်တွေ အားလုံးကို လိုက်လံရှင်းလင်းနေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် မောင်တောမြို့နယ်ထဲက စစ်ကောင်စီရဲ့ တခုတည်းသော လက်ကျန်တပ်ရင်းဖြစ်တဲ့ နခခ ၅ ကိုလည်း အပြီးသတ်သိမ်းပိုက်ဖို့ ထိုးစစ်တွေကို အရှိန်အဟုန်မြှင့်မယ်လို့လည်း AA က ပြောထားပါတယ်။ 

ရခိုင်ပြည်နယ်က စစ်ကောင်စီရဲ့ လက်ကျန်တပ်ရင်းတွေကိုလည်း တခုမကျန် သိမ်းပိုက် နိုင်ဖို့ကိုလည်း ထိုးစစ်အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားမယ်လို့လည်း ထပ်ပြောထားပါတယ်။ 

ရခိုင်တိုက်ပွဲအတွင်းမှာ မြို့နယ် ၁၁ ခုအထိ AA က သိမ်းပိုက်ထားပြီး မောင်တောမြို့ကိုလည်း မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသလို ကျန်မြို့နယ်တွေက စစ်ကောင်စီတပ်စခန်းတွေကိုလည်း ဝန်းရံပိတ်ဆို့ထားတယ်လို့ AA က ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013