Home
မြန်မာသတင်း
တိုင်းရင်းသားထိန်းချုပ်မြို့များတွင် လေကြောင်းရန်သတိပေးချက်စနစ် လုပ်ပေးရန် တောင်းဆို
DVB
·
September 26, 2024
သီပေါမြို့ကို စစ်တပ်ဗုံးကြဲမှုကြောင့် ပျက်စီးနေသည့်မြင်ကွင်း။

တိုင်းရင်းသားလက်နက်ကိုင်တွေ သိမ်းပိုက်ထားတဲ့မြို့တွေမှာ လေကြောင်းရန် သတိပေးချက်တွေ လုပ်ဖို့ လိုအပ်နေပြီလို့ ဒေသခံတွေက တိုက်တွန်းလိုက်ပါတယ်။

စစ်ခေါင်းဆောင်က စစ်ဌာနချုပ်တွေကို သွားခဲ့တဲ့ခရီးစဉ်မှာ ဆုံးရှုံးနယ်မြေတွေကို ပြန်ရဖို့နဲ့ လက်နက်ကိုင်အဖွဲ့တွေကို လိုအပ်သလို တုံ့ပြန်မယ်လို့ ပြောခဲ့ပါတယ်။

ဒီနောက်ပိုင်း DVB က လက်လှမ်းမီသလောက် ပြုစုထားတဲ့ စာရင်းတွေအရ စက်တင်ဘာ ၃ ရက်ကနေ ၂၆ ရက် မနက်အထိ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၀၀ ကျော်လုပ်ခဲ့ပြီး မောင်တော နခခ (၂) က အကျဉ်းသား ၅၀ အပါအဝင် ပြည်သူ ၁၇၅ ယောက် သေဆုံးခဲ့ကာ ၁၅၇ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ မန္တလေးတိုင်းဒေသကြီးတို့မှာ ထိခိုက်၊ သေဆုံးသူ အများဆုံး ဖြစ်ခဲ့တာကြောင့် အဲဒီဒေသတွေမှာ လေကြောင်းရန် ကြိုတင်သတိပေးမှုတွေလုပ်ဖို့ လိုအပ်နေတာပါ။

သီပေါမြို့ခံ အမျိုးသမီးတယောက်က “လူထုနဲ့ အရမ်းနီးကပ်တဲ့ မြို့ထဲမှာ တပ်စွဲတာမျိုးလည်း မလုပ်ဖို့ လိုတယ်ပေါ့နော်။ ဘာလို့လဲဆိုတော့ သူတို့က တပ်စွဲထား၊ မြို့ထဲမှာ တပ်စွဲထားပြီ ဆိုရင်ကို သူတို့က စစ်တပ်ဘက်ကနေ ပစ်လာတယ်ဆိုရင်၊ အဲလိုမျိုး ဥဩဆွဲတဲ့အခါမှာ ဆွဲတဲ့နေရာမှာ တော်လှန်ရေးတပ်ဖွဲ့တွေ ရှိတယ်ဆိုပြီးမှ အဲနေရာကို ပိုပြီးမှ ပစ်မှတ်ထားမှာကိုလည်း စိုးရိမ်ရတယ်” လို့ ပြောပါတယ်။

သီပေါမြို့မှာဆိုရင် ခလရ-၂၃ နဲ့ ခမရ-၅၀၃၊ ၅၀၄ တပ်တွေ ရှိနေတုန်းဖြစ်ပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဆက်လက်တိုက်နေတာကြောင့် လေကြောင်း မကြာခဏလာလေ့ရှိတဲ့မြို့လည်း ဖြစ်ပါတယ်။

TNLA အနေနဲ့ကတော့ ညလူအိပ်ချိန်မှာလာတဲ့ လေကြောင်းအန္တရာယ်တွေနဲ့ ပတ်သက်လို့ ကာကွယ်ဖို့ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ပြောထားပြီး ဒေသခံကတော့ မြို့ထဲမှာ ပညာပေးစာစောင်တွေ လိုက်ကပ်ထားကြောင်း ပြောပါတယ်။

တခြားမြို့တွေနည်းတူ ကိုးကန့်တပ်-MNDAA သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ကိုလည်း စစ်တပ်က ဗုံးကြဲနေပြီး စက်တင်ဘာ ၂၄ ရက်နေ့ကဆိုရင် ရပ်ကွက် ၂ ထဲ ဗုံးကျလို့ အမျိုးသမီး တယောက် သေဆုံးပြီး ၁၅ ‌ေယာက် ဒဏ်ရာရခဲ့ပါတယ်။

ဒါကြောင့် MNDAA က လေကြောင်းရန်ကို အသံနဲ့ကြိုတင်အသိပေးနိုင်ဖို့ လားရှိုးနဲ့ လောက်ကိုင်မြို့တွေမှာ အစီအစဉ်တွေ စဆွဲနေပြီလို့ လားရှိုးမြို့ခံ ပရဟိတအဖွဲ့ဝင် တယောက်က DVB ကို ပြောပါတယ်။

“ရှောင်ချိန်တော့ရတာပေါ့ဗျာ ၅ မိနစ်ပဲဖြစ်ဖြစ်ပေါ့။ အဲလိုပေါ့ ဥပမာ သီပေါတို့ ကျော်လာပြီ ဆိုရင်တော့ လားရှိုးကတော့ ဖြစ်နိုင်ခြေတော့များတယ် ဆိုတော့လေ။ အဲတာမို့လို့ ဥဩတွေ စီစဉ်ဖို့တော့ အုပ်ချုပ်ရေးပိုင်းကတော့ သူတို့လုပ်ဖို့ စီစဉ်နေတယ်လို့တော့ ကျနော်တို့ ကြားတယ်။ ဘယ်လိုလုပ်မလဲ ဥပမာ ဖုန်းတာဝါတိုင်ကတဆင့် လုပ်မလားလို့တော့ ကျနော်တို့ မပြောတတ်သေးဘူးပေါ့။”

ဒီကိစ္စတွေနဲ့ပတ်သက်လို့ DVB က NUG ကာကွယ်ရေးဌာန အပါအဝင် သက်ဆိုင်ရာ လက်နက်ကိုင်တွေရဲ့ ပြောခွင့်ရသူတွေဆီ မေးမြန်းထားပေမဲ့ ပြန်ဖြေတာ မရှိသေးပါဘူး။

မြို့နယ်အများစုကို သိမ်းပိုက်ထားပြီး လေကြောင်းတိုက်ခိုက်မှု မကြာခဏခံရလေ့ရှိတဲ့ ရခိုင်ပြည်နယ်မှာတော့ ၂၀၂၃ ခု ဧပြီလလောက်ကစလို့ ကျောက်တော်မှာ အချက်ပေးစနစ် စတင်ကျင့်သုံးနေပြီလို့ ကျောက်တော်မြို့ခံတယောက်က DVB ကို ပြောပါတယ်။

“ကျောက်တော်မှာတော့ အမြဲတမ်းရှိတယ်။ မြောက်ဦးဘက်မှာလည်း ရှိတယ်။ လုပ်တာက မြို့ပေါ်လောက်ပဲ လုပ်နိုင်တာ။ တခြားနယ်တွေ အုပ်စုတွေကတော့ မလုပ်နိုင်ပါဘူး။ အဲတာကြောင့်မို့ တခါတခါ ဂျက်ဖိုက်တာတွေက မြန်ပါတယ်။ မြန်တယ်ဆိုတော့ အသံကြားတာနဲ့ အနားကိုရောက်နေပါပြီ။ အဲမှာ ဥဩဆွဲတယ်ဆိုတော့ တခါတခါ နောက်ကျတာ တွေ့ရတယ်။ ဒါပေမဲ့ တခုတော့ရှိတယ်၊ ရပ်ရွာလူထုတွေကကျတော့ သတိပေးမှုတခု ဖြစ်တာပေါ့။”

ဒီလိုသတိပေးချက်တွေက မြို့တိုင်းမှာ မလုပ်နိုင်သေးသလို ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ကြဲမယ်ဆိုရင် သတိပေးချက်ရလို့ ကတုတ်ကျင်းထဲဝင်နေရင်တောင် ထိခိုက်၊ သေဆုံးကြတာလို့လည်း ပြောပါတယ်။

ဒါပေမဲ့ ပေါင် ၅၀၀ လောက် ဖျက်အားမပြင်းတဲ့ ဗုံးတွေနဲ့ လွင့်ထွက်လာတဲ့ ဗုံးအစတွေ မှန်တဲ့ကိစ္စနဲ့ ဗုံးတိုက်ရိုက်မကျတဲ့ နေရာတွေက ပြည်သူတွေအတွက်တော့ ဘာမှမရှိတာနဲ့ စာရင် အကျိုးရှိတယ်လို့ ဆိုပါတယ်။

ဒါကြောင့်ပဲ အထိအခိုက်သက်သာဖို့အတွက် သိမ်းပိုက်မြို့တွေမှာ လေကြောင်းရန် သတိပေးချက်တွေ လုပ်ပေးစေလိုကြောင်း ဒေသခံတွေက တိုက်တွန်းပါတယ်။

ဆက်သွယ်ရေးတွေ ဖြတ်တောက်ခံထားရတဲ့ ဒီလိုဒေသအများစုမှာ လေကြောင်းရန် ကြိုတင်သတိပေးချက်လုပ်ဖို့ တော်လှန်ရေးတပ်တွေဘက်မှာလည်း အခက်အခဲရှိတာကြောင့် နိုင်ငံတကာအနေနဲ့ No Fly Zone  လိုမျိုးမဟုတ်ရင်တောင် ရေဒါလိုမျိုးပစ္စည်းတွေနဲ့ နည်းပညာကူညီဖို့ လိုအပ်ကြောင်း ရခိုင်ဝါရင့်နိုင်ငံရေးသမားဖြစ်တဲ့ ဦးဖေသန်းက သုံးသပ်ပါတယ်။ 

စိုးသူအောင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024