မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ရှိ မြေတိုင်းကျေးရွာကို စစ်ကောင်စီတပ်ကနေ စက်တင်ဘာ ၂၄ ရက် ညနေ ၆ နာရီ၀န်းကျင်မှာ လေကြောင်းကနေဗုံး ၄ လုံး ကြဲချခဲ့တဲ့အတွက် ရွာခံပြည်သူ ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မြေတိုင်းကျေးရွာသားတယောက်က “အစတော့ လေယာဥ်သံကြားလိုက်တယ်။ နောက်ပြီးသိပ်မကြာဘူး ရွာထဲကိုဗုံးကြဲတာ ပထမတခေါက်က ၂ လုံးကြဲသွားပြီး နောက်တပ်ခေါက်ပြန်က ပြန်လှည့်လာပြီး ၂ လုံးကြဲသွားတာဗျ။ ဒဏ်ရာရဲ့သူတွေရှိသလို သေတဲ့သူလည်းရှိတယ်။ အိမ် ၇ လုံးလောက်လည်းပျက်စီးကုန်တယ်။ ကျုပ်တို့ရွာသားတွေလည်းထွက်ပြေးကြရတာပေါ့” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၄၀ ကျော် အမျိုးသား ၂ ယောက် သေဆုံးခဲ့ရပြီး နွား ၂ ကောင်လည်း သေဆုံးသွားတယ်လို့ ဆိုပါတယ်။
ငါန်းဇွန်မြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့တာ၀န်ခံတဦးက “မြေတိုင်းရွာနဲ့ အဲ့ဒိရွာ၀န်းကျင်မှာ တိုက်ပွဲမရှိဘူး။ PDF မရှိသလို စခန်းလည်းမရှိဘူး။ နောက်ပြီး ကျနော်တို့ ဒီမြို့နယ်ထဲမှာ စစ်တပ်ရဲ့ပြည်သူတွေနေထိုင်ကြတဲ့ ရွာတွေကို ဦးတည်ပြီး လေကြောင်းတိုက်ခိုက်နေတာတွေဟာ အကြောင်းမဲ့သက်သက်လို့ပြောရမယ်။ ငါန်းဇွန်မြို့နယ်ထဲမှာ သူတို့ရဲ့လေကြောင်းတိုက်ခိုက်မှုတွေပြန်ကြည့်ရင် သူတို့ကြောင့် ပြည်သူ့တွေ ဒုက္ခရောက်ရတာတွေချည်းဘဲ။ PDF စခန်းနဲ့ PDF ရဲဘော်တွေက ဘာမှမဖြစ်ကြဘူး။ အဲ့ဒိတော့ သူတို့ရဲ့ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကိုဦးတည်တိုက်ခိုက်မှုတွေဟာ စစ်ရာဇ၀တ်မှု အပြည့်အ၀ မြောက်နေပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်နဲ့ ၂၁ ရက်နေ့တွေကလည်း ငါန်းဇွန်မြို့နယ်က ငါန်းမြာကျေးရွာကို ၂ ရက်ဆက်တိုက် လေကြောင်းကနေတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံပြည်သူ ၁၅ ယောက် ထက်မနည်းသေဆုံးပြီး ၂၀ နီးပါးဒဏ်ရာရရှိခဲ့ကြတာလည်း ဖြစ်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေဟာ မြင်းခြံခရိုင်အထူးစစ်ဆင်ရေးကို သြဂုတ် ၁၀ ရက်က စတင်ခဲ့ပြီး ငါန်းဇွန်မြို့နယ်က ငါန်းမြာကြီးရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စခန်းတွေနဲ့ စစ်ကောင်စီယာဥ်တန်းတွေကို တိုက်ခိုက်သိမ်းပိုက်နေတာလည်း ဖြစ်ပါတယ်။