Home
မြန်မာသတင်း
တောင်ကုတ်တွင် စစ်တပ် ဗုံးကြဲ၊ ပြည်သူ ၂ ဦးသေပြီး ၃ ဦးထက်မနည်း ဒဏ်ရာရ
DVB
·
September 25, 2024

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်က တန်းလွဲရွာမမြို့နဲ့ ကျောက်ဆိပ်ကျေးရွာတို့ကို စက်တင်ဘာ ၂၄ ရက် ည ၇ နာရီ ၄၀ မိနစ်လောက်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ရွာသား ၂ ယောက် သေဆုံးကာ ၃ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမမြို့နဲ့ ကျောက်ဆိပ်ကျေးရွာတို့ကို လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တာဖြစ်ပြီး ကလေးငယ်တယောက်နဲ့ အမျိုးသားတယောက် ထိခိုက်သေဆုံးခဲ့တယ်လို့ တောင်ကုတ်ဒေသခံတယောက်က ပြောပါတယ်။

“လေကြောင်းက စက်တင်ဘာ ၂၄ ရက်နေ့ ညနေမှာ ဂျက်တိုက်လေယာဉ်တစီးနဲ့ တန်းလွဲရွာမမြို့နဲ့ တဖက်ကမ်းမှာရှိတဲ့ ကျောက်ဆိပ်ရွာကို ပေါင် ၂၀၀ ဗုံးတွေ လာပြီး ကြဲချသွားတာ ။ တန်းလွဲရွာမက ၆ နှစ်အရွယ် ကလေးတဦးနဲ့ နောက်ထပ် အသက် ၂၀ ကျော်အရွယ် အမျိုးသားတဦး သေဆုံးသွားတာရှိတယ်။ နောက်ထပ်လည်း ကျေးရွာသား ၃ ဦးထက်မနည်းလည်း ထိခိုက်ဒဏ်ရာ ရရှိသွားတာရှိတယ်။”

လက်ရှိ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ တန်းလွဲရွာမမှာ ဖုန်းလိုင်းတွေ ပြတ်တောက်နေတာကြောင့် သေဆုံးသွားသူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသွားသူတွေရဲ့ အသေးစိတ်အချက်အလက်တွေကို DVB က စုံစမ်းနေဆဲ ဖြစ်ပါတယ်။

တောင်ကုတ်မြို့နယ်အတွင်းမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့အကြား တစုံတရာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ မြို့အတွင်းက နေရာ ၂ ခုကို တမင်ရည်ရွယ်ပြီး လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် နေအိမ်အဆောက်အဦတွေလည်း ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက ရခိုင်ပြည်နယ်အတွင်းမှာ အခုရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်ကို အထူးသတိပြုသင့်တယ်လို့ ရခိုင်က လူမှုရေးတက်ကြွလှုပ်ရှားသူတယောက်က ပြောပါတယ်။

“ဒီရက်ပိုင်း ရခိုင်မှာ စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်လာတာကို အရင်ကထက် တွေ့လာရတယ်။ အထူးသဖြင့် AA ကို အကြမ်းဖက်အဖွဲ့အဖြစ် စစ်ကောင်စီက ကြေညာပြီးနောက် ပိုပြီး အရပ်သားတွေကို တိုက်ခိုက်လာတာဖြစ်တယ်။ အဲဒါကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ် သတိပြုကြဖို့ လိုအပ်လာတယ်။ နိုင်ငံတကာ အနေနဲ့လည်း စစ်ကောင်စီကို လေကြောင်းနဲ့ပတ်သက်ပြီး ပိတ်ဆို့မှုတွေကို တင်းတင်းကျပ်ကျပ် ဖိအားပေးဖို့ လိုအပ်လာတယ်။”

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်ကလည်း သံတွဲမြို့နယ်၊ ပေါက်တူးကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၃ ယောက် သေဆုံးပြီး နောက်ထပ် ၃ ယောက်လည်း ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၁၇ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၄ ယောက် သေဆုံးခဲ့ပါတယ်။

ရခိုင်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးနဲ့ ရေကြောင်းတိုက်ခိုက်မှုတို့ကြောင့် အရပ်သားထိခိုက်သေဆုံးသူ ၁,၃၀၀ ကျော်အထိ ရှိလာနေပြီလို့ ဒေသတွင်း သတင်းဌာနတွေရဲ့ စာရင်းတွေအရ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013