Home
မြန်မာသတင်း
မြို့သာတွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ၊ ကြို့ပင်ကောက်၌ ရာအိမ်မှူး ၁ ဦး ပစ်သတ်ခံရ
DVB
·
September 26, 2024
photo Crd-ရွှေဂျိုးဖြူ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြင်းခြံ)
photo Crd-BTZM GBK PDF

မန္တလေးတိုင်း၊ မြို့သာစက်မှုဇုန်ကနေ ၁၂ ဘီးကားနဲ့ လိုက်ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စက်တင်ဘာ ၂၅ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ ကြားဖြတ် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ တော်လှန်ရေးအဖွဲ့ထံက သိရပါတယ်။

ရွှေဂျိုးဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “မြို့သာစက်မှုဇုန်ထဲကနေ ၁၂ ကားနဲ့ စစ်သားတွေ ခိုးကြောင်ခိုးဝှက် လိုက်လာတာကို သတင်းရလို့ ကြားဖြတ် မိုင်းဆွဲခဲ့တာပါ” လို့ ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဘေးပတ်ဝန်းကျင်ကို လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့ပြီး ဒီတိုက်ခိုက်မှုတွေမှာ ထိခိုက်သေဆုံးသူတွေဘယ်လောက်ရှိတယ်ဆိုတာ မသိရသေးပါဘူး။

ရွှေဂျိုးဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က “အခုမစ်ရှင်က မြို့သာစက်မှုဇုန်နဲ့ ဆီမီးခုံဆိပ်ကမ်း လမ်းမပေါ်က တဲကြီးရွာနဲ့ ရွာသာအေးရွာကြားမှာ မိုင်းဆွဲခဲ့တာပါ။ သူတို့ဘက်က သေဆုံး ထိခိုက် ဒဏ်ရာရတယ်ဆိုတာ သတင်းရပေမဲ့ အတိအကျ မသိရသေးဘူး။ ဆက်ပြီး စုံစမ်းနေပါတယ်။ သူတို့ဘက်က ရမ်းသန်းပစ်ခတ်တာတွေ လုပ်ခဲ့ပေမဲ့ ကျနော်တို့ရဲဘော်တွေ ဘေးကင်းကြပါတယ်”လို့ ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ရွှေဂျိုးဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြင်းခြံ) နဲ့အတူ AungSan's Blood Civilians Defense Force (ABCDF) တို့ မဟာမိတ်ညီနောင်က ရဲဘော်တွေ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ ​သိရပါတယ်။

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်မှာတော့  ကြို့ပင်စခန်းကျေးရွာက ပြည်သူတွေကို ပေါ်တာဆွဲ ဖမ်းဆီးနေပြီး လေသေနတ်ကိုင်ဆောင်တဲ့ ရာအိမ်မှူးတယောက်ကို စက်တင်ဘာ ၂၄ ရက် ညနေ ၄ နာရီဝန်းကျင်မှာ ပစ်ခတ်ခဲ့လို့ နေရာမှာတင် သေဆုံးသွားတယ်လို့ သိရပါတယ်။

BTZM GBK PDF ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “သူ့မှာရှိတဲ့ လေသေနတ်နဲ့ ပြည်သူကို ခြိမ်းခြောက်ပြီး စစ်တပ်အတွက် တပ်သားသစ် စုဆောင်းပေးနေတယ်။ ပြည်သူကို ပေါ်တာဆွဲပြီး အနည်းဆုံး သိန်း ၃၀ ပေးရင် ပြန်လွှတ်ပေးတယ်။ သူ့ရွာက ပြည်သူတွေဆီကနေလည်း လစဥ် ငွေကြေးတွေကောက်နေတာ မနည်းဘူး၊ တအိမ်ကို လစဥ် ၃ သိန်းလောက် တောင်းတယ်လို့ သိရတယ်။ အဲဒီကိစ္စကို ပြည်သူတွေကလည်း ကျနော်တို့ဆီကို တိုင်ကြတယ်” လို့ ပြောပါတယ်။

ပစ်ခတ်ခံရပြီး သေဆုံးသွားတဲ့ ကြို့ပင်စခန်းကျေးရွာက ရာအိမ်မှူး ကိုသိန်းဦး ဆီကနေ လေသေနတ်တလက် သိမ်းဆည်းရရှိခဲ့​တယ်လို့လည်း ဆိုပါတယ်။

BTZM GBK PDF တာဝန်ခံတယောက်က “သူ့ကို ဥပဒေနဲ့ အရေးယူနိုင်ဖို့ အရှင်သွားဖမ်းခဲ့တာပါ။ ဒါပေမဲ့ သူက အိမ်ထဲကနေ လေသေနတ်နဲ့ ပြန်ခုခံတာပါ။ လက်နက်ချပြီး အဖမ်းခံဖို့ ပြောတာကို ဇွတ်ထွက်လာပြီး ပြန်ခုခံလို့ ပစ်ခတ်လိုက်ရတာပါ။ ၇ ချက်မှန်ပြီး နေရာမှာတင် သေသွားတယ်” လို့ ပြောပါတယ်။

ကြို့ပင်ကောက်မြို့နယ်အတွင်းမှာ စစ်ကောင်စီအတွက် စစ်သားသစ်စုဆောင်းဖို့ ပြည်သူတွေကို ပေါ်တာဆွဲ ဖမ်းဆီးတာတွေ၊ ငွေကြေးတောင်းယူတာတွေနဲ့ စစ်ကောင်စီကပြုလုပ်မယ့် ရွေးကောက်ပွဲ အတွက် သန်းခေါင်စာရင်း ကောက်ယူတာတွေအတွက် ပါဝင်ကူညီ ဆောင်ရွက်ပေးနေသူတွေကို ဆက်လက်ပြီး ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

အဆိုပါ ပစ်ခတ်မှုကို ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ BTZM GBK PDF နဲ့ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၁ (Dragon Brothers) တပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်ကလည်း ကြို့ပင်ကောက်မြို့နယ်၊ ကွင်းချောင်းကျေးရွာမှာ တပ်စွဲပြီး ပြည်သူတွေကို ပေါ်တာဆွဲ ဖမ်းဆီးနေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်သား ၄ ‌ယောက်နဲ့ ပျူစောထီး ၃ ယောက် သေဆုံးခဲ့ပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013