Home
မြန်မာသတင်း
တနင်္သာရီတွင် တပတ်အတွင်း တိုက်ပွဲ ၄ ကြိမ်ဖြစ်၊ စစ်ကောင်စီတပ်သား အကျအဆုံးရှိ
DVB
·
September 26, 2024

စစ်ရေးတင်းမာနေတဲ့ တနင်္သာရီတိုင်းထဲက တနင်္သာရီမြို့နယ်မှာ တပတ်အတွင်း တိုက်ပွဲ ၄ ကြိမ် အထိရှိခဲ့ပြီး စစ်ကောင်စီက သာလွန်အင်အားတွေနဲ့ ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးပြီး လက်နက်ကြီးတွေအပြင် ဒရုန်းတွေပါ အသုံးပြုတိုက်ခိုက်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။

အခုနှစ် စက်တင်ဘာ ၂၄ ရက် မနက်ပိုင်း ၈ နာရီဝန်းကျင်မှာ အင်အား ၄၀ နီးပါးရှိ စစ်ကောင်စီ စစ်ကြောင်းဟာ ဘန်းလမွတ်ရွာဖက်ကို ခြေလျင်တက်လာပြီးနောက် ပနပ်ငယ်ရွာအနီး ကျောက်မိုင်းကုန်းအရောက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေး စစ်ကြောင်း ၂ က ထုတ်ပြန် ပါတယ်။

အဆိုပါတိုက်ခိုက်မှုကို တနင်္သာရီ ပကဖ ဇုန် (၅) ပြည်သူ့ကာကွယ်‌ရေးအဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား ၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် မွန်းလွဲ ၁ နာရီအချိန်ဝန်းကျင်မှာ ဘန်းလမွတ်ရွာအနီး လယ်ဦးရေတံခွန်အနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထပ်မံပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မြိတ်ခရိုင်စစ်ကြောင်း ၂ ပြန်ကြားရေးတာဝန်ခံတယောက်က "ဗုံးသီးစုစုပေါင်း ၃ လုံးကြဲလိုက်တာပါ။ လမ်းတလျှောက်မှာ အရပ်သားတွေကို ဖမ်းဆီးတာဘာညာတော့မရှိပါဘူး" လို့ ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ အရှေ့မော်တုန်းရွာအခြေစိုက် ၃၀၆ အမြောက်တပ်ရင်းက ထွက်ခွာလာတဲ့ စစ်ကြောင်းဖြစ်တယ်လို့ သိရပြီး ဒီမတိုင်ခင်ရက်ပိုင်းတွေတည်းမှာ စစ်ကောင်စီက ၃၀၆ အမြောက်တပ်ကို အင်အားဖြည့်တင်းထားတာတွေ့ရတယ်လို့ မော်တုန်းရွာသားတွေဆီက သိရပါတယ်။

စက်တင်ဘာ ၁၇ ရက်မှာတုန်းက တုံးဗျောကျေးရွာအုပ်စု၊ တောင်ပုရွာစာသင်ကျောင်းအနီးမှာ ကင်းချထားတဲ့ စစ်ကောင်စီတပ်သားတွေကို မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၂ က ဝင်ရောက် ပစ်ခတ်ခဲ့ပါတယ်။

ဒီပစ်ခတ်မှုမှာ စစ်ကောင်စီတပ်သား ၃ ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး ၁ ဦးမှာ လမ်းမှာပင် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အလားတူ စက်တင်ဘာ ၁၈ ရက်မှာ ညောင်ပင်ကုန်းရွာကို ရောက်လာတဲ့ စစ်ကောင်စီ ခြေလျင် စစ်ကြောင်းကို တနင်္သာရီပကဖဇုန် (၅) အဖွဲ့က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီက တနင်္သာရီမြို့နယ်က မဇောရွာအုပ်စုနဲ့ မြိတ်မြို့နယ် တုံးဗျောရွာ အုပ်စု ဖက်ကို အင်အား ၁၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးနေပြီး ကျေးရွာတွေဖက်ကို လက်နက်ကြီးတွေနဲ့ ဒရုန်းတွေပါအသုံးပြု တိုက်ခိုက်နေတာတွေရှိနေတဲ့အပြင် စာသင်ကျောင်းတွေမှာပါ တပ်စွဲနေထိုင် နေတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

အခုစက်တင်ဘာလ ဒုတိယအပတ်လောက်ကစပြီး မဇောကျေးရွာအုပ်စုမှာ စာသင်ကျောင်းနဲ့ စစ်ဆေးရေဂိတ်အနီးတောင်ပေါ်မှာတပ်စွဲထားတဲ့စစ်ကောင်စီတပ်သားတွေက ရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ဒရုန်းတွေအသုံးပြုတိုက်ခိုက်တာကြောင့် ဒေသခံပြည်သူအများအပြား ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ဒေသခံတဦးက "မဇောပြင်ကြီး စာသင်ကျောင်းမှာတပ်စွဲထားတဲ့အဖွဲ့ရှိတယ်။ ဒရုန်းအဖွဲ့ပါ ရှိတယ်တဲ့။ ရွာသားတွေက တိုက်ပွဲဖြစ်မှာ ကြောက်ပြီးရှောင်နေကြတာ။ အသံကြာရင်ပြေး အသံစဲရင်ပြန်ဝင်လာ အဲဒီလို လုပ်နေကြတာ"လို့ ပြောပါတယ်။

တိုက်ပွဲတွေ ပြင်းထန်လာနိင်တာကြောင့် မြိတ်-တနင်္သာရီကားလမ်းပိုင်းအား ပြည်သူတွေ အသွားအလာ မလုပ်ကြဖို့ကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေက တားမြစ်သတိပေးထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013