Home
မြန်မာသတင်း
ပုလဲမြို့နယ်၌ စစ်ကောင်စီတပ်နှင့် ABSDF တိုက်ပွဲဖြစ်၊ ပခုက္ကူ၌ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရ
DVB
·
September 30, 2024

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ သရက်ကန်ရွာနဲ့ ညောင်ရင်းကုန်းရွာကြားမှာ စစ်ကောင်စီတပ်နဲ့ ABSDF ကျောင်းသားတပ်မတော်၊ PDF ပူးပေါင်းတပ်တွေအကြား စက်တင်ဘာ ၂၉ ရက် နေ့လယ် ၃ နာရီလောက်က တိုက်ပွဲဖြစ်ခဲ့တယ်လို့ ပုလဲ ABSDF တပ်ဖွဲ့နဲ့ ဒေသခံတွေထံက သိရပါတယ်။

အင်မထီးပျူရွာကနေ ကန့်ဒေါင့်နယ်မြေခံရဲစခန်းကို လက်နက်ခဲယမ်းတွေ ပို့ဆောင်ပြီး ပြန်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ရင်း နှစ်ဖက် ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့တာပါ။

သရက်ကန်ရွာသားတယောက်က “အင်မထီးကနေ စစ်ကြောင်းတကြောင်း စထွက်တယ်ဗျ။ နောက် ကန့်ဒေါင့်ရွာဘက်ကနေလည်း စစ်ကြောင်းတကြောင်း ထွက်လာတယ်။ သူတို့ စစ်ကြောင်း ၂ ကြောင်း‌‌က ကျနော်တို့ သရက်ကန်ရွာနဲ့‌ ညောင်ရင်းရွာကြားစုံပြီး လက်နက်ခဲယမ်း အပို့၊ အယူလုပ်ကြတာကို ABSDF အဖွဲ့က ကြားဖြတ်တိုက်တာ။ ကျနော်တို့ ဒေသခံတွေကတော့ ပုံမှန်အတိုင်း စစ်ကောင်စီစစ်ကြောင်းလာရင် နေရပ်စွန့်ခွာ စစ်ကြောင်းရှောင်ကြရတယ်” လို့ ပြောပါတယ်။

အင်မထီးပျူရွာကို စစ်တပ်က စက်တင်ဘာ ၂၈ ရက်က Y12 လေယာဉ်နဲ့ လက်နက်ရိက္ခာ လာပို့ပြီး လက်နက်ခဲယမ်းတချို့ကိုတော့ ကန့်ဒေါင့်ရွာကို ပို့ဆောင်တာ ဖြစ်ပါတယ်။

ပုလဲ ABSDF ကျောင်းသားတပ်မတော် တာဝန်ရှိသူ ကိုဇေယျက “စစ်တပ်က အင်အား ၆၀ နဲ့ ကျနော်တို့ တိုက်ပွဲဖြစ်တာ။ ကျနော်တို့က ကြားဖြတ်တိုက်တာပါ။ သူတို့က အင်မထီးပျူရွာကနေ ဒရုန်းယာဉ်တစီး၊ လက်နက်ခဲယမ်းတချို့ သွားပို့တာ။ အဲတာကို ကျနော်တို့ ကြိုသတင်းရပြီး ဖြတ်တိုက်ခဲ့တာ။ စစ်တပ်ဘက်က  ၂ ဦးကတော့ နေရာတင် သေဆုံးပြီး နောက်ထပ်တဦးကတော့ ဒဏ်ရာပြင်းထန်ရပြီး အင်မထီးဘက် ပြန်သယ်ယူရင်း လမ်းမှာတင် သေဆုံးတယ်လို့ သိထားရတယ်။ ကျနော်တို့ဘက်ကတော့ အထိအခိုက်မရှိဘူး” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးသလို တပ်မတော် သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်တာလည်း မရှိပါဘူး။

အဆိုပါတိုက်ခိုက်မှုကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) စစ်ကြောင်း-၃ အမှတ် ၁၄ တပ်ရင်း၊ NUG/MOD ဗျူဟာစစ်ကြောင်း၊ ပုံတောင်တိုက်ဂါး PDF၊ Eagle 1 PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာလည်း စစ်ကောင်စီစစ်ကြောင်းကို စက်တင်ဘာ ၂၈ ရက် မနက်ပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်သား ၅ ယောက်ထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရရှိသွားခဲ့ကြတယ်လို့ မြိုင် ပကဖ ဆီကနေ သိရပါတယ်။

မြိုင်ပကဖရဲ့ တာဝန်ခံတယောက်က “တွင်းမကနေ ပခုက္ကူကို ပြန်ဆုတ်ခွာလာ‌တဲ့ စစ်ကြောင်းကို ကမ္မအရှေ့ဘက် ညောင်ဂျစ်ပင်ကနေ အထွက်လမ်းပေါ်မှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာပါ။ ဒီလမ်းအတိုင်း သူတို့ပြန်လာမယ်ဆိုတာ ကြိုသိရလို့ တရက်ကြိုပြီး လမ်းမှာ မိုင်းတွေဆင်ထားခဲ့တာ။ တွက်ထားတဲ့လမ်းအတိုင်း ပြန်လာတော့ မိုင်းဆွဲခဲဲ့တာပါ။ မိုင်းဆွဲပြီး အပြန်အလှန်ပစ်ခတ်မှုက ၁၅ မိနစ်လောက် ကြာသေးတယ်။ သူတို့ တပ်ရင်းပြန်ရောက်သွားတော့ ဒဏ်ရာရသွားကြတဲ့ ကောင်တွေထဲက ၅ ယောက်သေတယ်လို့ ဖရဲသီးဆီက သတင်းဝင်လာတယ်” လို့ DVB ကို ပြောပါတယ်။

နယ်မြေရှင်းလင်းစဥ် စစ်ကောင်စီတပ်သားတွေထံကနေ G3 သေနတ် ၁ လက်၊ G3 ကျည် ၃၄ တောင့်၊ MA ကျည်ဘောက် ၁ ခု နဲ့ ဖုန်း ၁ လုံးတို့ သိမ်းဆည်းရရှိခဲ့ပါတယ်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းမှာ ပါဝင်ကြတဲ့ စစ်ကောင်စီတပ်သားတွေဟာ ပခုက္ကူတပ်မ ၁၀၁ က ဖြစ်ကြပြီး ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းကစလို့ မြိုင်မြို့နယ်က ပျူစောထီးကျေးရွာတွေကို ရိက္ခာပို့ဖို့ ထွက်လာကြတာ ဖြစ်ပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မြိုင် ပကဖ၊ ဧရာဒေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ BLY ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ကမ္မတပ်ပေါင်းစုတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဧရာဒေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံတယောက်က “တွင်းမနဲ့ သရက်ကန် ပျူရွာတွေကိုပဲ ရိက္ခာပို့နိုင်ခဲ့တယ်။ သူတို့ ကား ၈ စီးနဲ့ ထွက်လာတဲ့ လမ်းကြောင်းတလျှောက်မှာ တောက်လျှောက် တိုက်ခိုက်ခံခဲ့ရတာ။ ဒဏ်ရာရတဲ့ကောင် ၃၀ နီးပါး ရှိတဲ့အထဲက လမ်းမှာသေတဲ့ကောင်တွေကို လမ်းဘေးမှာ ဖြစ်သလို မြှုပ်ခဲ့ကြတာ။ ရှေ့မသွားနိုင်တော့ဘဲ ပြန်ဆုတ်သွားကြတာ နောက်ဆုံး ညောင်ဂျစ်ပင်နားမှာ တိုက်ခိုက်ခံရပြီး အခုတော့ သူတို့စစ်ကြောင်းက သူတို့တပ်ရင်းထဲကို ပြန်ရောက်သွားကြပြီ” လို့ ပြောပါတယ်။

မြိုင်မြို့နယ်ထဲမှာ သရက်ကွ၊ သရက်ကန်၊ ကန်နီပျူရွာ၊ တွင်းမနဲ့ ဝက်ပုတ်ကျေးရွာဆိုပြီး ပျူစောထီးကျေးရွာ ၅ ရွာရှိတဲ့အထဲက သြဂုတ် ၈ ရက်မှာ ဝက်ပုတ် ပျူစောထီးကျေးရွာကို ကာကွယ်ရေးတပ်ဖွဲ့ တပ်ပေါင်းစုတွေက သိမ်းပိုက်ရရှိထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013