Home
မြန်မာသတင်း
မြင်းခြံက PDF စခန်းကိုလာတိုက်သည့်စစ်ကြောင်း ပြန်တိုက်ခိုက်ခံရပြီး ၁၈ ဦးထက်မနည်းသေ
DVB
·
September 28, 2024
Photo - Myingyan Black Tiger - MBT

မန္တလေးတိုင်း၊ မြင်းခြံမြိုနယ်မှာ စက်တင်ဘာ ၂၇ ရက် မနေ့ မနက် ၅ နာရီလောက်က ပြည်သူ့ကာကွယ်ရေးတပ်စခန်းတခုကို လာရောက်တိုက်ခိုက်တဲ့ စစ်ကောင်စီစစ်ကြောင်းကို ပြန်လည် တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်သား ၁၈ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ Myingyan Black Tiger (MBT) ဆီကနေ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ မြင်းခြံအခြေစိုက် ခမရ တပ်ရင်းက အင်အား ၁၂၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းကို ပြန်လည်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီစစ်ကြောင်းဘက်က ၁၈ ယောက်ထက်မနည်း သေဆုံးတယ်လို့ ဆိုပါတယ်။

MBT တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “ခြေဆေးကျေးရွာနားမှာရှိတဲ့ ကျနော်တို့ရဲ့ MBT စစ်ကြောင်း ၃ တပ်ဖွဲ့စခန်းတွေကို အလစ်အငိုက် ထိုးစစ်ဆင် တိုက်ခိုက်တဲ့စစ်ကြောင်းမှာပါတဲ့ မြင်းခြံ ခမရ က ကောင်တွေကို ပြန်ပြီးခုခံတိုက်ခိုက်နိုင်ခဲ့တာပါ။ သူတို့ဘက်က အထိနာပြီး ပြန်ဆုတ် သွားကြတယ်” လို့ DVB ကို ပြောပါတယ်။

တိုက်ပွဲအတွင်းသေဆုံးသွားသူတွေအပြင် ဒဏ်ရာရသွားကြတဲ့ စစ်ကောင်စီတပ်သားတွေကို စစ်ကောင်စီတပ်ဘက်က မော်တော်ယာဉ်တွေနဲ့ လာရောက်သယ်ဆောင်သွားကြတယ်လို့လည်း သိရပါတယ်။

MBT တပ်ဖွဲ့ရဲ့တာဝန်ခံတယောက်က “ဒီကောင်တွေကလည်းခက်တယ်ဗျ။ ၇ ရက် လောက်တက်ရတဲ့ စစ်သင်တန်းဆင်းပြီး စစ်မြေပြင်ဆင်းတော့ သေတာပေါ့။ ဒါတောင် သူတို့ဘက်က လေယာဉ် ၂ စင်း၊ ဒရုန်း ၅ စင်းလောက်နဲ့ လေကြောင်းကနေပစ်ကူပေးခဲ့တော့ ခဏပြန်ဆုတ်ပြီး ဆက်တိုက်တာပေါ့။ သူတို့က ကျနော်တို့ဘက်ကိုလည်း အထင်သေးတာပါမယ်။ တိုက်ပွဲဖြစ်နေတဲ့အချိန် ကျနော်တို့ မဟာမိတ်အဖွဲ့တွေရောက်လာတော့ လူအင်အား၊ လက်နက်အင်အား ပိုပြီးစုစည်းမှု​ကောင်းသွားတယ်။ ကျနော်တို့ရဲဘော်တွေရဲ့ တိုက်ခိုက်မှု စွမ်းရည်မြင့်လာတာရယ်၊ ဘန်ကာတွေကို အခိုင်အမာ တည်ဆောက်ထားတာတွေနဲ့ စုစည်းမှု အင်အားကောင်းတာတွေကြောင့် အခုလို စစ်ကောင်စီ စစ်ကြောင်းကို တန်ပြန်ချေမှုန်း တိုက်ခိုက်နိုင်ခဲ့ကြတာပါ” လို့ ပြောပါတယ်။

မနက် ၅ ဝန်းကျင်မှာ တိုက်ပွဲစဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ပြန်လည်ဆုတ်ခွာ သွားတဲ့အတွက် နေ့လယ် ၁ နာရီဝန်းကျင်မှာ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်ခဲ့ကြတယ်လို့လည်း သူက ဆက်ပြောပါတယ်။

အဲဒီ ခုခံတိုက်ပွဲကို မြင်းခြံခရိုင်အမှတ် ၉ တပ်ရင်း (Myingyan Black Tiger-MBT) နဲ့အတူ မြင်းခြံခရိုင်အမှတ် (၁၊ ၂၊ ၃၊ ၇၊ ၈) တပ်ရင်းတွေ၊ မြင်းခြံခရိုင် ပကဖ၊ စွန်ရဲပြောက်ကျားတပ်ဖွဲ့၊ ရဲခေါင် ပြောက်ကျားတပ်ဖွဲ့၊ အမှတ် ၈၁၅ တပ်ရင်း (PLA) တပ်ဖွဲ့ဝင်တွေ ပူးပေါင်း ခုခံတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က ကြီးမားတဲ့ ထိခိုက်ဒဏ်ရာရသူမရှိဘူး လို့လည်း သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေ သေဆုံးတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းတစုံတရာ ထုတ်ပြန်လာတာမတွေ့ရသလို DVB အနေနဲ့လည်း သီးခြား အတည်မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက် မနက်ပိုင်းကလည်း စစ်ကောင်စီတပ်ဟာ မြင်းခြံမြို့နယ်၊ ခြေဆေးကျေးရွာကို ဂျက်ဖိုက်တာနဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ယာခင်းတွေထဲ ပေါင်းနုတ်နေကြတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ယောက် အပါအဝင် ၃ ယောက် ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီး ၁ ယောက် သေဆုံးသွားခဲ့ပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013