Home
မြန်မာသတင်း
ရန်ကုန်နှင့် မန္တလေးတွင် စက်သုံးဆီကို တန်းစီစောင့်ဆိုင်းပြီး အကန့်အသတ်ဖြင့် ဝယ်ယူနေရ
DVB
·
September 27, 2024

ရန်ကုန်နဲ့ မန္တလေးနဲ့ တခြားမြို့ကြီးတွေမှာ  စက်သုံးဆီတွေကို ဆီဆိုင်တွေမှာ တန်းစီ စောင့်ဆိုင်း ဝယ်ယူရတာနဲ့ အကန့်အသတ်နဲ့ ဝယ်ယူရတာတွေ ရှိနေဆဲဖြစ်သလို မှောင်ခိုဈေးကွက်လည်း ရှိနေပါတယ်။

ရန်ကုန်မြို့ပေါ်မှာတော့ စက်သုံးဆီ ဓာတ်ဆီ 92 တလီတာကို ၃၀၆၀ ကျပ် ပေါက်ဈေးရှိနေပါတယ်။ စက်သုံးဆီဟာ တလီတာကို ကျပ် ၃၂၀၀ ထိ တက်သွားခဲ့ပြီး အခုလတ်တလော ကျပ် ၃၀၆၀ ကို ပြန်လည် ရောက်ရှိခဲ့တာပါ။ 

ရန်ကုန်က တက္ကစီယာဉ်မောင်းတယောက်က “တက္ကစီသမားတွေရော အိမ်စီးကားတွေရော တန်းစီရတုန်းပဲ။ ဆီဆိုင်တွေက ရတဲ့ဆိုင်က ရတယ်။ မရတဲ့ဆိုင်က မရကြဘူး။ တချို့ဆိုင်တွေ ဆိုရင် လုံးဝမရဘူး၊ တချို့ဆိုင်တွေဆိုရင် 92 ရတယ်။ premium ဒီဇယ်ရတယ်။ တချို့ဆိုင်တွေ ဆိုရင် 95 ရတယ်။ ဒီဇယ်ရတယ်။  လေးမျိုးစလုံးရောင်းတဲ့ဆိုင်ဆိုတာ ရှားတယ် အခုက၊ အဲဒီလိုမျိုး တခါတလေကျရင်လည်း 92 တမျိုးတည်း ရတယ်။ တခါတလေကျရင်လည်း ဒီဇယ်တမျိုးတည်းပဲ ရတယ်။ အဲ့ဒါကြောင့် ဆိုင်တွေမှာ ကားတွေကတော့ အကုန်တန်းစီနေရတယ်။”

ဆီအလွယ်တကူရနေခဲ့တဲ့ ကာလတွေတုန်းက တရက်ကို ဆီ ကျပ် ၂၀၀၀၀ ဖိုးလောက် ထည့်ထားရင် အဆင်ပြေပေမဲ့ အခုတော့ တရက်ကို ၃၀၀၀၀ - ၄၀၀၀၀ ဖိုးလောက် ထည့်နေရတယ် လို့လည်း ဆိုပါတယ်။

မန္တလေးမြို့မှာလည်း စက်သုံးဆီကို တန်းစီ စောင့်ဆိုင်းဝယ်ယူရသလို အကန့်အသတ်နဲ့ ဝယ်ယူ နေရတယ်လို့ မြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။

“မန္တလေးမြို့နယ်တွေထဲမှာ လေးမြို့နယ် ငါးမြို့နယ်ရှိတယ်။ လေးမြို့နယ်၊ ငါးမြို့နယ်ထဲမှာ တန်းရမယ်ဆိုရင် ကား တန်းရတယ်။ ကားတန်းရတဲ့ အနေအထားမှာ အချိန်ပေးရတာ ၂ နာရီ ၃ နာရီ လောက်ပေးရတယ် တန်းဖို့အတွက်ဆိုရင်။ သူတို့ ရောင်းတဲ့ဈေးကတော့ ပုံမှန်ဈေးနဲ့ ရောင်းတယ်။ အဲဒီလိုမျိုး ပုံမှန် ဈေးမဟုတ်ဘဲနဲ့ တခြားနေရာမှာ သွားတန်းမယ်ဆိုရင် တကွာတား ကို ၂၀ လောက်ပိုတဲ့ အနေအထားမှာရှိတယ်။”

မန္တလေးမြို့ပေါ်က ဆီဆိုင်တွေမှာ တန်းစီဝယ်ယူရင် အချိန် ၂ နာရီ ၃ နာရီကြာလောက် စောင့်ဆိုင်းနေရပြီး လိုသလောက်လည်း ဝယ်ယူလို့မရသလို မြို့ပြင်က မှောင်ခိုဈေးကွက်မှာ သွားထည့်ရင်တော့ ချက်ချင်းရပေမဲ့ ဆီ တလီတာကို ၂၀ ကျပ်၊ ၃၀ ကျပ်လောက် ပိုပေးရတဲ့ အခြေအနေတွေရှိတယ်လို့လည်း သိရပါတယ်။

နိုင်ငံတဝန်းမှာ ဩဂုတ်လက စက်သုံးဆီပြတ်လပ်မှုနဲ့ ကြုံတွေ့ခဲ့ရပြီး အချိန်ကြာမြင့်စွာ တန်းစီဝယ်ရတာ၊ လိုသလောက် ဝယ်ယူမရတာနဲ့  ဈေးနှုန်းမြင့်တက်တာတွေကြောင့် ယာဉ်‌လိုင်း အများစုဟာ ကားအစီးရေလျှော့ ပြေးဆွဲခဲ့ရပါတယ်။

မြတ်သဇင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013