မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှာ စက်တင်ဘာ ၂၄ ရက် မနက် ၂ နာရီ၀န်းကျင်က အဆောက်အအုံဟောင်းပြိုကျပြီး ပြည်သူ ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မန္တလေးမြို့ခံတယောက်က DVB ကို ပြောပါတယ်။
“အဲ့ဒီတိုက်ကြီးက ဆောက်ထားတာ နှစ်တော်ကြာနေပြီ။ နှစ်ပေါင်း ၅၀ အထက်မှာရှိတယ်။ အပေါ်ထပ်ကနေ စပြိုတာ။ အပြိုအပျက်တွေကြားထဲမှာ အဲ့ဒီတိုက်မှာနေကြတဲ့ ၅ ယောက်ပိတ်မိနေလို့ မနည်းကယ်ထုတ်လိုက်ရတယ်ဗျ။”
အဆိုပါပြိုကျတဲ့ ၂ ထပ်တိုက် အဆောက်အအုံဟာ မန္တလေးမြို၊ အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံရပ်ကွက်၊ လမ်း၂၀၊ ၈၆ လမ်းနဲ့ ၈၇ လမ်းကြားမှာ တည်ရှိတယ်လို့ သိရပါတယ်။
စေတနာမေတ္တာဂရုဏာအသင်းရဲ့ အဖွဲ့၀င်တယောက်က “အပြိုအပျက်တွေကြားထဲက ပိတ်မိနေတာ ၅ ယောက်ကို ၁ နာရီနီးပါး ကယ်ထုတ်ခဲ့ရတယ်။ အမျိုးသား ၂ ယေက်နဲ့ အမျိုးသမီး ၃ ယောက် စုစုပေါင်း ၅ ယောက်လုံးကို မန္တလေးဆေးရုံပို့ထားပါတယ်။ အဲ့ဒီထဲက အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက်က အသက်အန္တရာယ်စိုးရိမ်ရတယ်” လို့ ပြောပါတယ်။
နှစ်ထပ်တိုက်အဆောက်အအုံ ပြိုကျရာနေရာကို အောင်မြေသာစံမြို့နယ် မီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေအပြင် စေတနာမေတ္တာ ဂရုဏာအသင်းနဲ့ ချမ်းသာသုခအသင်းတို့က အဖွဲ့၀င်တွေက ရှာဖွေကယ်ဆယ်ရေးတွေဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ အဆောက်အအုံပြိုတာနဲ့ပါတ်ပတ်ပြီး အကြောင်းရင်းကို ဆက်လက်စုံစမ်းနေတယ်လို့ အောင်မြေသာစံမြို့နယ်မီးသတ်စခန်းကနေ သိရပါတယ်။