ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ မြို့တော်ဖြစ်တဲ့ လားရှိုးမြို့ထဲ MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်ထိန်းချုပ်ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၄ ကြိမ် ထပ်မံကြဲချတိုက်ခိုက်လို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတယောက်က “ဒီနေ့ အောက်တိုဘာလ ၄ ရက်နေ့ မနက် စစ်ကောင်စီက လေကြောင်းနဲ့ ရပ်ကွက် ၈ မန်ဆူဘုရား မရောက်ခင် ၁၂၁ အနောက်တိုက်ကို နှစ်ခါ၊ ရပ်ကွက် ၅ ဘုံကျောင်းကို နှစ်ခါ ဗုံးကြဲသွားတယ်” လို့ ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၄ ခါ ပြုလုပ်ခဲ့ပြီး လေယာဉ်ဗုံးကြောင့် ပြည်သူတယောက် ထိခိုက်၊ အဆောက်အဦတွေ ပျက်စီးမှုများတယ်လို့ ဆိုပါတယ်။
ဒေသခံ အမျိုးသမီးတယောက်က “ဖုန်းလိုင်းပိတ်ခံရပြီး ၄ ရက်မြောက် ပိတ်ခံရပြီးနောက် အောက်တိုဘာ ၄ ရက်နေ့ မနက် ၂ နာရီ ၁၀ မိနစ်ကစ မနက် ၅ နာရီကျော်အထိ လေကြောင်း ဗုံးကြဲသွားတယ်။ ရက်စက်လွန်းပါတယ်” လို့ ပြောပါတယ်။
လားရှိုးမြို့တွင်း ရပ်ကွက် ၅ တရုတ်ဘုံကျောင်းနဲ့ ရပ်ကွက် ၈ 121 အနောက်ဘက်တိုက်ကို ဒီနေ့ အောက်တိုဘာ ၄ ရက် မနက် ၂ နာရီ ၁၀ မိနစ်၊ ၄ နာရီ ၈ မိနစ်၊ ၅ နာရီ ၁၄ မိနစ်၊ ၅ နာရီ ၁၉ မိနစ်တွေမှာ စစ်ကောင်စီဘက်က ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့လို့ နေအိမ်၊ အဆောက်အဦ များစွာပျက်စီးခဲ့ရတဲ့အပြင် ပြည်သူတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Lashio Reconstruction က သတင်းဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်ကလည်း စစ်ကောင်စီက လားရှိုး ရပ်ကွက် ၁၂ မန်နားရွာနဲ့ ရပ်ကွက် ၈ မန်ဆူဘက်ကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံ ပြည်သူ ၉ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ်အဆောက်အဦ ၃၀ ထက်မနည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
စစ်ကောင်စီက တိုင်းစစ်ဌာနချုပ်တခုကို လက်လွှတ်ဆုံးရှုံးခဲ့ပြီးနောက် အဲဒီ ဆုံးရှုံးသွားတဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ရမခ အခြေစိုက်ရာ လားရှိုးမြို့ကို သူတို့ကိုယ်တိုင် မအုပ်ချုပ်နိုင်တော့တာကြောင့် ဘယ်သူမှနေလို့မရ ကြေမွအောင်လုပ်ဖို့ရည်ရွယ်ပြီး အကြိမ်ကြိမ် ဗုံးကြဲနေတာလို့ ဒေသခံတွေက ပြောပါတယ်။