ရုရှားအစိုးရဟာ စစ်သားဟောင်းတွေကို တိုက်ပွဲတွေဆီ ပြန်လွှတ်ဖို့ လေ့ကျင့်ရေး ပြန်လုပ်ပေးနေတာကြောင့် သူတို့ဟာ ကြေးစားစစ်သားအဖြစ် ရုရှားစစ်တပ်နဲ့ လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုပြီး အောက်တိုဘာ ၄ ရက်မှာ ရုရှားနိုင်ငံတောင်ပိုင်း ရော့စ်တော့ဗ်ဒေသရှိ လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်မှုတွေ လုပ်ဆောင်နေခဲ့ပါတယ်။
ယူကရိန်းနဲ့ ၂ နှစ်ခွဲကြာ ဖြစ်ပွားနေတဲ့ စစ်ပွဲမှာ ရုရှားအစိုးရဟာ ကျွမ်းကျင်စစ်သားတွေအဖြစ် ဆန္ဒအလျောက် အမှုထမ်းကြောင်း စာချုပ်တွေ ချုပ်ဆိုဖို့ ပြင်ဆင်ထားတဲ့ အမျိုးသားတွေကို ပျမ်းမျှ လစဉ်လုပ်ခရဲ့ ၂၂ ဆဖြစ်တဲ့ ရူဘယ် ၁ ဒသမ ၉ သန်း (အမေရိကန်ဒေါ်လာ ၂ သောင်း) အထိ တလုံးတခဲတည်း ဆုကြေးတွေ ပေးခဲ့ပါတယ်။
စစ်မှုထမ်းဖို့ ပြန်ရောက်လာသူတွေထဲမှာ အရွယ်ရောက်လာတဲ့ သားဖြစ်သူ စစ်ထဲဝင်ရမှာထက် သူတို့အဖေပဲ စစ်ထဲပြန်ဝင်တာ ပိုကောင်းမယ်ဆိုပြီး ရောက်လာသူတွေလည်း ရှိပါတယ်။
မိသားစုကို ပံ့ပိုးကူညီဖို့ စစ်မှုပြန်ထမ်းဖို့ ဆုံးဖြတ်ခဲ့တဲ့သူတွေလည်းရှိပြီး သူတို့ကို သူတို့ မိသားစုတွေက ဆုံးဖြတ်ချက်မှန်ကန်ကြောင်း ထောက်ခံကြတယ်လို့လည်း ဆိုပါတယ်။
တချို့ကတော့ ရုံးခန်းမှာထိုင်ပြီး စက်ရုံထဲမှာ လုပ်နေရတာမျိုးထက် တဖက်ရန်သူက နယ်စပ်ကို ကျော်ဖြတ် ဝင်ရောက်လာချိန်မှာ သူတို့မွေးရပ်မြေအတွက် ပိုပြီးအသုံးဝင်တဲ့ နေရာမှာ အလုပ်လုပ်ချင်လို့ စစ်ထဲပြန်ဝင်ခဲ့တာဆိုတဲ့ လူတွေလည်း ရှိပါတယ်။
အခုလို လူတွေကို မက်လုံးပေး ဆွဲဆောင်နိုင်မှုဟာ မော်စကိုရဲ့ အင်အားပြန်လည်ဖြည့်တင်းနိုင်စွမ်း အတွက် အရေးကြီးပြီး နောက်တကြိမ် စစ်မှုမထမ်း မနေရ စည်းရုံးရေးကို အတင်းလုပ်ဆောင် ရတာကနေလည်း ရှောင်လွှဲနိုင်တယ်လို့ ဆိုပါတယ်။
၂၀၂၂ ခုနှစ် အောက်တိုဘာလတုန်းက အရံတပ်ဖွဲ့ဝင်အင်အား ၃ သိန်း စစ်မှုထမ်းဖို့ ခေါ်ယူခဲ့ခြင်း ဟာ သိပ်လူကြိုက် မများခဲ့ဘဲ ရာနဲ့ချီတဲ့ လူတွေကို နိုင်ငံတွင်းမှ ထွက်ပြေးအောင် လှုံ့ဆော် လိုက်သလို ဖြစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့လက ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ရုရှားစစ်တပ်ရဲ့ ပုံမှန်အရွယ်အစားကို တပ်ဖွဲ့ဝင် ၁ သိန်း ၈ သောင်း မှ ၁ ဒသမ ၅ သန်းအထိ တိုးမြှင့်ဖို့ အမိန့်ပေးခဲ့တာကြောင့် တရုတ်နိုင်ငံ ပြီးရင် ကမ္ဘာမှာ ဒုတိယအကြီးဆုံးစစ်တပ် ဖြစ်လာမယ့် လုပ်ဆောင်ချက်လည်း ဖြစ်ပါတယ်။
ဇူလိုင်လတုန်းက လုံခြုံရေးအရာရှိ ဒီမီထရီ မက်ဗီဒက်က အခုနှစ်စကတည်းက စစ်မှုထမ်းမယ့် စာချုပ်ချုပ်ဆိုသူ လူပေါင်း ၂ သိန်းနီးပါး ရှိထားကြောင်း ပြောကြားခဲ့ပါတယ်။
Source-Reuters