ယူကရိန်းနိုင်ငံ ဒန်ညက်စ်ဒေသထဲက ရွာတရွာကို ထပ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရုရှားက အောက်တိုဘာ ၂ရက်မှာ ပြောပြီး ယူကရိန်းကတော့ ရှေ့တန်းတွေမှာ ရုရှားစစ်တပ်နဲ့ တိုက်ပွဲပေါင်း ၆၀ နီးပါး ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။
ရုရှားတပ်ဖွဲ့တွေဟာ ဒန်ညက်စ် ဒေသထဲက ဗျက်ခ်နီကာမန်စခယ်ရွာကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ ရုရှားရဲ့ ယူကရိန်းအပေါ် အထူးစစ်ဆင်ရေးဆိုင်ရာ နေ့စဉ်အစီရင်ခံစာထဲမှာ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ရုရှားစစ်တပ်ဟာ တာဝန်ကျရာနေရာကနေ ဟောင်ဝစ်ဇာလို လက်နက်တွေနဲ့ ယူကရိန်း စစ်တပ်ကို ပစ်မှတ်ထားပြီး ရုရှားလေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့တွေက ယူကရိန်း မောင်းသူမဲ့လေယာဉ် ၃၂ စီးကို ပစ်ချခဲ့တယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
အဲဒီနေ့မှာပဲ ယူကရိန်းစစ်တပ်ရဲ့ စစ်ဦးစီးချုပ်က တိုက်ပွဲပေါင်း ၅၇ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
ရုရှားတပ်ဖွဲ့တွေက ပေါ့ခ်ရော့ဗ်စ်ခ်ဒေသကို ဦးတည်ပြီး ထိုးစစ် ၁၁ ကြိမ် စစ်ထိုးခဲ့တယ်၊ ထိုးစစ် ၈ ကြိမ်ကို တွန်းလှန်ခဲ့တယ်၊ တိုက်ပွဲ ၃ နေရာ ဆက်ဖြစ်နေတယ်လို့ ယူကရိန်းဘက်က ပြောပါတယ်။
ယူကရိန်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ခါခိဗ်မြို့ရှိ ၅ ထပ်တိုက်ခန်းတခန်းကို ရုရှားပဲ့ထိန်းဗုံးက အောက်တိုဘာ ၂ ရက် နှောင်းပိုင်းမှာ ထိမှန်လို့ မီးလောင်ခဲ့ပြီး လူ ၁၂ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။
ရုရှားနယ်စပ်နဲ့ ၁၈ မိုင်ဝေးတဲ့ ဒီမြို့ဟာ ၂ နှစ်ခွဲကြာနေပြီ ဖြစ်တဲ့ ယူကရိန်းစစ်ပွဲ တလျှောက် ရုရှားတပ်တွေရဲ့ ပစ်မှတ် မကြာခဏ ဖြစ်ခဲ့တာပါ။
အရပ်သားတွေကို ပစ်မှတ်မထားဘူးလို့ ရုရှားက ငြင်းပေမဲ့ ရှေ့တန်းရဲ့ နောက်ကျောဘက်က မြို့တွေကို ပုံမှန် ပစ်ခတ်လေ့ ရှိတယ်လို့ မီဒီယာတွေက သတင်းထုတ်ပါတယ်။
Source-Reuters