Home
နိုင်ငံတကာ
ယူကရိန်းက တနှစ်ကို ဒရုန်း ၄ သန်း ထုတ်လုပ်နိုင်ပြီဟု သမ္မတ ဇလန်းစကီး ပြောကြား
DVB
·
October 3, 2024
Photo-Reuters

ယူကရိန်းဟာ နှစ်စဉ် မောင်းသူမဲ့ဒရုန်းယာဉ် ၄ သန်း ထုတ်လုပ်နိုင်ပြီး တခြားလက်နက်တွေ ထုတ်လုပ်မှုကိုလည်း မြန်မြန်ဆန်ဆန် အရှိန်မြှင့်နေကြောင်း သမ္မတ  ဗိုလိုဒီမာ ဇလန်းစကီးက အောက်တိုဘာ ၂ ရက်မှာ မှတ်ချက်ပြု ပြောကြားလိုက်ပါတယ်။

အောက်တိုဘာ ၂ ရက်က ကိယက်ဗ်ရှိ ဒါဇင်ပေါင်းများစွာသော နိုင်ငံခြားလက်နက် ထုတ်လုပ်သူ ကုမ္ပဏီတွေ၊ အမှုဆောင်တွေနဲ့ ပြောဆိုရာမှာ ဇလန်းစကီးက ယူကရိန်းဟာ အခုနှစ်အတွင်း မောင်းသူမဲ့လေယာဉ် ၁ သန်းခွဲ ထုတ်လုပ်ဖို့ စာချုပ် ချုပ်ဆိုထားပြီး ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ရုရှားမကျူးကျော်ခင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအထိ ယူကရိန်းမှာ ဒရုန်းထုတ်လုပ်မှုဟာ လုံးဝမရှိသလောက် ဖြစ်ပါတယ်။

ဇလန်းစကီးက “ရုရှားရဲ့ အဆက်မပြတ် တိုက်ခိုက်မှုတွေအောက်မှာ ပြင်းထန်တဲ့ စစ်ပွဲတွေရဲ့ အလွန်ခက်ခဲတဲ့ အခြေအနေတွေမှာ ယူကရိန်းနိုင်ငံသားတွေဟာ ကာကွယ်ရေးစက်မှုလုပ်ငန်း အသစ်ကို တည်ဆောက်နိုင်ခဲ့ပြီ” လို့ ပြောပါတယ်။

ယူကရိန်းဟာ သူ့ရဲ့ ပြည်တွင်းလက်နက်ထုတ်လုပ်မှုကို ၂၀၂၃ ခုနှစ်မှာ ၃ ဆတိုးခဲ့ပြီး အခုနှစ် ပထမ ၈ လတာအတွင်း အဲဒီပမာဏကို ၂ ဆ တိုးခဲ့ကြောင်း ဝန်ကြီးချုပ် ဒဲနစ္စရှမီးဟာလ်က အဲဒီအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ ယူကရိန်းတာဝန်ရှိသူတွေက ကိန်းဂဏန်း အတိအကျကို ပြောကြားခြင်း မရှိပါဘူး။

အခမ်းအနားအတွင်းမှာ ယူကရိန်းနဲ့ နိုင်ငံခြားကုမ္ပဏီတွေအကြား ခဲယမ်းမီးကျောက်တွေနဲ့ ဒရုန်းအမျိုးအစားစုံကို ထုတ်လုပ်ဖို့နဲ့ ယူကရိန်းရှိ အနောက်တိုင်း စက်ကိရိယာတွေကို ပြုပြင်ဖို့ သဘောတူညီချက်များစွာကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

သံချပ်ကာဘီးတပ်နဲ့ ခြေရာခံ မော်တော်ယာဉ်တွေကို ထုတ်လုပ်တဲ့ ဖရန်ကို-ဂျာမန် ကာကွယ်ရေးအဖွဲ့ KNDS ဟာ ကိယက်ဗ်မှာ လုပ်ငန်းခွဲတခု ဖွင့်လှစ်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။

ရုရှားတပ်တွေ ကျူးကျော်ဝင်ရောက်ခဲ့တဲ့ ၃၁ လကျော်ကြာကာလမှာ အဆုံးမသတ်နိုင်သေးဘဲ အခုခါ ယူကရိန်းဟာ ကာကွယ်ရေးအတွက် အကြမ်းဖျင်းအားဖြင့် သူ့ရဲ့ နိုင်ငံတော်ဘတ်ဂျက်ရဲ့ ထက်ဝက်လောက် သို့မဟုတ် ဒေါ်လာ ၄၀ ဘီလီယံလောက်ကို သုံးစွဲနေပါတယ်။

ယူကရိန်းဟာ သူ့ရဲ့ အနောက်နိုင်ငံ မဟာမိတ်တွေဆီကနေ စစ်ရေးအရ ပံ့ပိုးမှုတွေအပြင် ငွေကြေးအထောက်အပံ့ အများအပြားကိုလည်း ရရှိထားပါတယ်။

သူ့ရဲ့ တောင်ပိုင်းအိမ်နီးချင်းထက် ပိုကြီးမားကျယ်ပြန့်ပြီး ပိုပြီးချမ်းသာကြွယ်ဝတဲ့ ရုရှားဟာ သူ့ရဲ့ ကိုယ်ပိုင်စစ်အသုံးစရိတ်ကို ၂၀၂၄ ခုနှစ် ပမာဏကနေ လာမယ့်နှစ်မှာ ၂၅ ရာခိုင်နှုန်း တိုးမြှင့်ပြီး ဒေါ်လာ ၁၄၅ ဘီလီယံလောက် သုံးစွဲဖို့ မျှော်လင့်ထားပါတယ်။

ယူကရိန်းအရာရှိတွေဟာ သူတို့ရဲ့ ကာကွယ်ရေးပိုင်း လိုအပ်ချက်က ဆက်လက်ကြီးထွားလာချိန်မှာ နိုင်ငံခြားရန်ပုံငွေတွေက တဖြည်းဖြည်း လျော့နည်းလာမယ်လို့ မျှော်လင့်ထားကြောင်း ပြောကြပါတယ်။ ကိယက်ဗ်ဟာ အတတ်နိုင်ဆုံး ပြည်တွင်းမှာပဲ ထုတ်လုပ်ဖို့ အာရုံစိုက်လာတာ ဖြစ်ပါတယ်။

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024