ရုရှားဟာ စက်တင်ဘာ ၃၀ ရက် အစောပိုင်းက ယူကရိန်းမြို့တော် ကိယက်ဗ်ကို ပစ်မှတ်ထားပြီး မောင်းသူမဲ့ လေယာဉ်အများအပြားနဲ့ ၅ နာရီကျော်ကြာ တိုက်ခိုက်ခဲ့ပေမဲ့ ယူကရိန်း လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့တွေက မြို့တော်ကို အောင်အောင်မြင်မြင် ကာကွယ်နိုင်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ပြောပါတယ်။
ယူကရိန်းမြို့တော်မှာ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ လုပ်ဆောင်နေပုံရတဲ့ ပေါက်ကွဲပုံ အများအပြားကို ရိုက်တာသတင်းဌာနရဲ့ မျက်မြင်သက်သေတွေက ကြားခဲ့ရပြီး လေထဲမှာ အရာဝတ္ထုတွေကို ထိမှန်အောင် ပစ်ချနေတာကို တွေ့ခဲ့ရပါတယ်။
ကိယက်ဗ်မြို့တော်ဆီ ရုရှားက ပစ်လွှတ်ခဲ့တဲ့ ဒရုန်းတွေအားလုံးကို ကာကွယ်ရေးစနစ်တွေနဲ့ အီလက်ထရွန်နစ်စစ်ဆင်ရေးတို့နဲ့ ဖျက်ဆီးခဲ့တယ်လို့ ကိယက်ဗ်မြို့တော် စစ်အုပ်ချုပ်ရေး အကြီးအကဲ ဆာဟီးပေါ့ပ်ကိုက တယ်လီဂရမ်လူမှုကွန်ရက်ပေါ်မှာ ပြောပါတယ်။
ကနဦးအချက်အလက်တွေအရ ထိခိုက်သေဆုံးမှု မရှိသလို ပျက်စီးဆုံးရှုံးမှု မရှိဘူးလို့လည်း သူက ဆက်ပြောပါတယ်။
ကိယက်ဗ်မြို့တော်ဝန် ဗစ်တာလီကလစ်ချ်ကိုက အဲဒီနေရာမှာ အရေးပေါ်ဝန်ဆောင်မှုတွေ လုပ်နေတဲ့ လူနေအိမ်အဆောက်အအုံ တလုံးပေါ် ဒရုန်းအပျက်အစီး အပိုင်းအစတွေ ပြုတ်ကျခဲ့တယ်လို့ ပြောပါတယ်။
တိုက်ခိုက်မှုအတွင်း ရုရှားက ပစ်လွှတ်တဲ့ ဒရုန်း ၇၃ စင်းထဲက ၆၇ စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်းလေတပ်က တနင်္လာနေ့မှာ ပြောပါတယ်။
ကိယက်ဗ်ဒေသ အုပ်ချုပ်ရေးမှူး ရုစ်လန်ခရဗ်ချန်ကိုက မြို့တော်အနီးတဝိုက်မှာ အရေးကြီးတဲ့ ဒါမှမဟုတ် လူနေတဲ့ အဆောက်အအုံတွေ ပျက်စီးဆုံးရှုံးမှုမရှိကြောင်းနဲ့ ဒီတိုက်ခိုက်မှုကြောင့် ဒေသတွင်း ခရိုင် ၅ ခုမှာ မီးလောင်ခဲ့ပေမဲ့ ထိခိုက်သေဆုံးမှု မရှိခဲ့ဘူးလို့ ပြောပါတယ်။
Source-Reuters