ရုရှားအစိုးရက တားမြစ်ထားတဲ့ အတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗယ်ညီရဲ့ အဖွဲ့အစည်းမှာ အလုပ်လုပ်တယ်လို့ အာဏာပိုင်တွေက စွပ်စွဲခဲ့ပြီးတဲ့နောက် ရုရှားသတင်းထောက် ၄ ယောက်ကို မြို့တော်မော်စကိုမှာ အောက်တိုဘာ ၂ ရက်က ရုံးတင်စစ်ဆေးခဲ့ပါတယ်။
သူတို့ ၄ ယောက်ကို စွဲဆိုထားတဲ့ အမှုတွေဟာ ရုရှားနိုင်ငံတွင်းက သတင်းထောက်တွေရဲ့ မရေရာတဲ့ အနေအထားကို မီးမောင်းထိုးပြထားပြီး သတင်းထောက် ဒါဇင်များစွာဟာလည်း လက်ရှိမှာ အကျဉ်းထောင်သံတိုင်တွေရဲ့နောက်မှာ ရှိနေတယ်လို့ သတင်းလွတ်လပ်ခွင့် အဖွဲ့တွေက ထောက်ပြထားပါတယ်။
နာဗယ်ညီကို ထောက်ခံသူတွေက ကျူးကျော်ရန်စဖို့ ပြင်ဆင်နေခဲ့တယ်ဆိုတဲ့ ပြည်ထဲရေး ဝန်ကြီးဌာန အစွန်းရောက်မှု တိုက်ဖျက်ရေးဌာနက ပေးစာကို အခြေခံပြီး တရားစီရင်မှုအတွင်း ကျန်နေတဲ့ သတင်းထောက်တွေနဲ့ ပရိသတ်ကို နှင်ထုတ်ဖို့ တရားသူကြီးက တရားလိုပြ ခွင့်ပြုခဲ့ပါတယ်။
သတင်းထောက်တွေ တရားရုံးအခန်းထဲကနေ ထွက်သွားဖို့ အမိန့်မပေးခင်မှာ တရားစွဲခံ သတင်းထောက် အာတွန်မ် ခရီယာက ဒါဟာ ရှေးမူဟန်ကို ပြန်ဖော်ထုတ်တာဖြစ်ပြီး အကြွင်းမဲ့ အာဏာပိုင်အစိုးရအတွင်း သူတို့ ဘယ်လိုလုပ်တယ်ဆိုတာ ပြတာပဲလို့ ပြောခဲ့တဲ့ အကြောင်း လွတ်လပ်တဲ့ သတင်းဌာန မီဒီယာဇိုနာက ဖော်ပြခဲ့ပါတယ်။
သတင်းထောက်တွေဟာ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၆ နှစ်အထိ ကျခံရနိုင်ပါတယ်။ သတင်းဌာနတွေကို သတင်းယူခွင့်ပေးတဲ့ ကြားနာပွဲမှာ တရားစွဲခံ သတင်းထောက်တွေ အပြစ်ရှိမရှိ ဝန်ခံဖို့ တရားခွင်ဆီကို ဖိတ်မထားပါဘူး။
တရားစွဲခံ သတင်းထောက်တွေဟာ ရုရှားမှာ နိုင်ငံခြားသူလျှိုနဲ့ အစွန်းရောက်အဖွဲ့အစည်း အဖြစ် ပိတ်ပင်ထားတဲ့ နာဗယ်ညီရဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ဖောင်ဒေးရှင်း (FBK) ရဲ့ YouTube ချန်နယ်အတွက် ရုပ်သံပစ္စည်းတွေကို ဖန်တီးခဲ့တယ်လို့ အစိုးရရှေ့နေတွေက ပြောခဲ့ပါတယ်။
Source-Reuters