Home
မြန်မာသတင်း
ရခိုင်တွင် ဆေးဝါးပြတ်လပ်နေသဖြင့် ပြည်သူများ၏ ကျန်းမာရေးကဏ္ဍ ပိုဆိုးလာ
DVB
·
October 8, 2024

ရခိုင်ပြည်နယ်က မြို့နယ်တွေမှာ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတပ်ရဲ့ တိုက်ပွဲတွေကြောင့် ဒေသရဲ့ ကုန်စည်လမ်းကြောင်းတွေ ပိတ်ဆို့ခံခဲ့ရတာ ၁ နှစ်နီးပါးအကြာ ရှိလာခဲ့ပြီး ဆေးဝါးပြတ်လပ်တာ၊ ဆေးရုံဆေးခန်းတွေ ပုံမှန်မလည်ပတ်နိုင်တာတွေကြောင့် ပြည်သူတွေရဲ့ ကျန်းမာရေးကဏ္ဍဟာ ပိုမိုဆိုးရွားလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဆေးဝါးပစ္စည်းတွေ အစုံအလင်မရှိတာ၊ လိုအပ်သလို ကုသမှုတွေ မလုပ်နိုင်တာတွေကြောင့် ကျန်းမာရေး ထိခိုက်နေသူတွေဟာ များစွာအခက်တွေ့နေကြရတယ်လို့ ကျောက်ဖြူမြို့က ဒေသခံတယောက်က ပြောပါတယ်။

“ဆေးရုံဆေးခန်းတွေက ပုံမှန်အတိုင်း ပြလို့မရပါဘူး။ ဆေးခန်းတွေကလည်း အရင်လို အများအပြားမဖွင့်တော့ ရှိတဲ့နေရာကို အချိန်ပေးပြီး သွားပြရပါတယ်။ သွားပြရင်လည်း ဆရာဝန်နဲ့ တွေ့ရဖို့ကို ကိုယ့်ရောဂါကို မေ့သွားရလောက်တဲ့အထိ ထိုင်စောင့်ကြရတယ်။ ပြရင်လည်း ထူးပြီးကောင်းသွားတယ်လို့ မရှိပါဘူး။ ရှိတဲ့ဆေးတွေပဲ လှိမ့်သောက်နေရတာပဲ။”

ဆေးရုံဆေးခန်းတွေရဲ့ ဆေးကုသပေးနိုင်မှု အခြေအနေတွေနဲ့ ပတ်သက်လို့လည်း မြေပုံမြို့နယ်က ဒေသခံတယောက်က အခုလိုပြောပါတယ်။

“ဗိုက်အောင့်လို့ မြောက်ဦးဘက်ကို ဆေးရုံလာတက်နေတာ။ ကိုယ့်မြို့နယ်မှာ ပြမယ့်နေရာမရှိလို့ ဒီဘက်ကိုလာခဲ့တာ။ ဆေးကုနေတာ ၂ လလောက်ရှိနေပြီ။ သိန်း ၅၀ လောက်ကုန်ပြီ။ အစာအိမ်မကောင်းတာလို့ သိထားရတယ်။ ဘာမှ ထူးထူးခြားခြားလည်း ကောင်းမလာဘူး။ ဆက်ပြီးကုဖို့လည်း ပိုက်ဆံမတတ်နိုင်တော့ ကိုယ့်ရွာပဲ ပြန်တော့မယ်လို့ ဆုံးဖြတ်ထားတယ်။”

နာတာရှည်ရောဂါ ဝေဒနာရှင်တွေအတွက် ဆေးဝါးတွေ အဓိကပြတ်လပ်နေတာဖြစ်ပြီး ဆေးဝါးပြတ်တာကြောင့် မြို့နယ်အလိုက် နာတာရှည်ရောဂါသည်တွေဟာ ရောဂါဆိုးရွားတာ၊ သေဆုံးတာတွေအထိ ရှိလာနေကြပါတယ်။

သေဆုံးသူတွေမှာ HIV လူနာတွေ၊ ဆီးချိုဝေဒနာရှင်တွေ၊ အသည်းရောင်အသားဝါ ဘီပိုးရှိသူတွေနဲ့ တီဘီရောဂါသည်တွေ အဓိကပါဝင်ပါတယ်။

ရခိုင်မှာ ဆေးဝါးနဲ့ ဆေးကုသမှု အကျပ်အတည်းကို အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေနဲ့ စစ်ကောင်စီ ထိန်းချုပ်နယ်မြေ နှစ်ခုလုံးမှာ ကြုံနေရတာဖြစ်ပြီး ဒေသနေသူတွေဟာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး များစွာ အခက်အခဲ ကြုံတွေ့နေကြရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013