Home
မြန်မာသတင်း
အမ်းမြို့အခြေစိုက် နပခ ရှေ့ကာကင်း မဲတောင်ဗျူဟာစခန်းကို AA သိမ်းပိုက်
DVB
·
October 8, 2024

ရခိုင်ပြည်နယ်၊ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရဲ့ ရှေ့ကာကင်းစခန်းတခုဖြစ်တဲ့ မဲတောင်ဗျူဟာစခန်းကို အောက်တိုဘာ ၇ ရက်မှာ အာရက္ခတပ်တော် (AA) က သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

အခုသိမ်းပိုက်ရရှိခဲ့တဲ့ မဲတောင်ဗျူဟာစခန်းမှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိတဲ့ အမ်းမြို့နဲ့ ၁၄ ကီလိုမီတာသာ ကွာဝေးပြီး အမ်းအခြေစိုက် နပခ ဌာနချုပ်ကို ကာကွယ်ထားတဲ့ ဗျူဟာစခန်း ဖြစ်ပါတယ်။

အခုသိမ်းပိုက်ရရှိတဲ့ အဲဒီဗျူဟာစခန်းမှာ စစ်ကိုင်းတိုင်း ကလေး၊ မော်လိုက်၊ ဟုမ္မလင်း အခြေစိုက် စကခ ၁၀ လက်အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ ခမရ ၃၆၂၊ ၃၆၅၊ ၃၆၉ တပ်ရင်းတွေ၊ အမ်း၊ နပခဌာနချုပ် လက်အောက်ခံ တပ်ရင်းအချို့နဲ့ တောင်ကုတ်အခြေစိုက် စကခ ၅ လက်အောက်ခံ ခမရ ၃၄၆၊ ၃၇၃၊ ၃၇၂ တပ်ရင်းတွေ စုပေါင်းထားပြီး မဲတောင်နဲ့ အမ်းဌာနချုပ် ပတ်ဝန်းကျင်မှာ လှုပ်ရှားနေကြတာ ဖြစ်ပါတယ်။

မဲတောင်ဗျူဟာကုန်းသိမ်း တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကိုလည်း AA ကသိမ်းဆည်းရမိထားပါတယ်။

မဲတောင်ဗျူဟာစခန်းကုန်းနဲ့ ဆက်စပ်စခန်းကုန်းတွေကို AA တပ်ဖွဲ့ဝင်တွေက ကာလအတန်ကြာ ဝိုင်းရံပိတ်ဆို့ ဖြတ်တောက်ထားပြီးမှ စက်တင်ဘာ ၂၆ ရက်မှာ ကျောက်စကွဲကျေးရွာအနီး ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာကစပြီး ဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

မဲတောင်ဗျူဟာစခန်းကို သိမ်းပိုက်နိုင်လိုက်တာကြောင့် အာရက္ခတပ်တော် (AA) ရဲ့ ထိုးစစ်တွေဟာ နပခဌာနချုပ်ထဲကို တိုက်ခိုက်နိုင်တော့မယ်လို့ အမ်းမြို့နယ်က စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။

“နပခ ဌာနချုပ်ကို အဓိက ခံစစ်အဖြစ် ကာထားတဲ့ မဲတောင်ဗျူဟာနဲ့ တောဟိန်းတောင်ဗျူဟာ နှစ်ခုလုံး ကျသွားတာကြောင့် နပခဌာနချုပ်နဲ့ အနီးနားက တပ်ရင်းတွေကို AA ရဲ့ ထိုးစစ်တွေက ရောက်လာတော့မှာဖြစ်တယ်။ နပခဌာနချုပ်ထဲကိုတော့ ပြီးခဲ့တဲ့ လတွေကတည်းကလည်း လက်နက်ကြီးတွေ၊ ဒရုန်းတွေ တိုက်ခိုက်နေတာကြောင့် မကြာခင်မှာ မြေပြင်ထိုးစစ်တွေ ရောက်လာနိုင်တယ်။”

အမ်းမြို့နယ်အတွင်းမှာ မတ်လကတည်းက အာရက္ခတပ်တော်က ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး အကြီးဆုံးဗျူဟာကုန်းဖြစ်တဲ့ တောဟိန်းတောင် ဗျူဟာကုန်းကိုလည်း အာရက္ခတပ်တော်က ဇူလိုင်လအတွင်းမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဂွမြို့နယ်မှာလည်း ကိုင်းခုန်နဲ့ ကံဂေါ်တောင် (ကံတော်တောင်) မှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို အောက်တိုဘာ ၆ ရက်မှာ သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီက ကုလားပြင်တံတားကို မိုင်းခွဲချိုးဖောက်ပြီး တပ်ဆုတ်သွားတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဂွမြို့နယ်အတွင်းမှာလည်း အာရက္ခတပ်တော်ရဲ့ ထိုးစစ်တွေဟာ စစ်ကောင်စီတပ်ရင်းတွေ အခြေစိုက်ထားတဲ့ ဂွမြို့ဘက်ကို ကျယ်ပြန့်လာနေတယ်လို့ ဂွဒေသခံတွေက ပြောကြပါတယ်။

စစ်ကောင်စီဟာ မြေပြင်တိုက်ပွဲတွေမှာ ရှုံးနိမ့်လာနေတာကြောင့် လေကြောင်းကနေပြီး ပြည်သူတွေကို ပစ်မှတ်ထားပြီးတော့ လေကြောင်းတိုက်ခိုက်မှုတွေကိုလည်း ဆက်တိုက် ပြုလုပ်နေ ပါတယ်။

ရခိုင်တိုက်ပွဲ ၁၀ လကျော်အတွင်းမှာ အာရက္ခတပ်တော်က မြို့နယ် ၁၁ ခုအထိ သိမ်းပိုက်ထားပြီး ကျန်ရှိနေသေးတဲ့ နပခ ဌာနချုပ်၊ ဒကစ-စစ်တွေ၊ စကခ-၅ နဲ့ ဓညဝတီ ရေတပ်ဌာနချုပ်တို့ကိုလည်း ဝန်းရံပိတ်ဆို့ထားပြီးဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013