Home
မြန်မာသတင်း
AA ဖမ်းဆီးထားသည့် ပလက်ဝဒေသခံ ၁၀ ဦး ပြန်မလွတ်သေး
DVB
·
October 1, 2024

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က အာရက္ခတပ်တော် (AA) ဖမ်းဆီးထားတဲ့ ဒေသခံ ၁၀ ယောက်ကို စက်တင်ဘာ ၃၀ ရက်အထိ ပြန်မလွှတ်သေးဘူးလို့ ပလက်ဝဒေသခံတွေက ပြောပါတယ်။

ပလက်ဝမြို့နယ် ကျေးရွာတချို့က အမျိုးသား ၁၀ ယောက်ကို စက်တင်ဘာ ၁၇ ရက်မှာ အာရက္ခတပ်တော် AA က ဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးခံရသူတွေဟာ ပလက်ဝမြို့နယ်၊ ငရှားရွာက ဒေသခံ ၅ ယောက်၊ ရေချမ်းသာရွာက ဒေသခံ ၃ ယောက်နဲ့ ချင်းဒေါက်ရွာက ဒေသခံ ၂ ယောက် ပါဝင်တယ်လို့ သိရပါတယ်။

အာရက္ခတပ်တော် AA က ဖမ်းဆီးသွားတဲ့ အမျိုးသားတွေဟာ အသက် ၂၀ ကနေ ၄၀ အကြား အရွယ်တွေဖြစ်ကြပြီး သူတို့ကို ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာ မသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ပလက်ဝဒေသခံတယောက်က “သူတို့ကို ၁၇ ရက်နေ့က သူတို့နေအိမ်တွေမှာ လာဖမ်းသွားတာ၊ ဘယ်ကိုခေါ်သွားလဲတော့ မသိဘူး၊ အဆက်အသွယ်လည်း မရဘူး၊ ဖမ်းသွားတဲ့အထဲမှာ ရွာသားတွေက ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေရော၊ ဆယ်အိမ်မှူးတွေရော ပါတယ်။ CDF ပလက်ဝကို ထောက်ခံတယ်၊ ပလက်ဝကောင်စီမှာ ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းသွားတာ” လို့ ပြောပါတယ်။

အာရက္ခတပ်တော်ဟာ ပလက်ဝဒေသခံတွေကို ချင်းနယ်မြေကာကွယ်ရေးတပ် CDF-ပလက်ဝ၊ ပလက်ဝကောင်စီ Paletwa Council တို့ကို ထောက်ခံပူးပေါင်း ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခဲ့တာလို့ ဒေသခံတွေကပြောပေမဲ့ DVB အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၄ ရက်မှာ အာရက္ခတပ်တော် AA က သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013