ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို စစ်ကောင်စီက အောက်တိုဘာ ၁၀ ရက် ညနေ ၄ နာရီဝန်းကျင်မှာ ဂျက်တိုက်လေယာဉ်တစီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၄ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူလည်း ၃၄ ယောက်ထက်မနည်း ရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ ဂျက်တိုက်လေယာဉ်တစီးဟာ ကျောက်တော်မြို့ရှိ လမ်းမကြီးနဲ့ ဈေးအနီးရှိ အထက မြို့မ စာသင်ကျောင်းတို့ကို လေကြောင်းတိုက်ခိုက်ခဲ့ပြီး အရပ်သား ၄ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့တာဖြစ်တယ်လို့ ကျောက်တော်မြို့ခံ တယောက်က ပြောပါတယ်။
“ညနေပိုင်း ၄ နာရီဝန်းကျင်မှာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်တစီးနဲ့ ဗုံးနှစ်လုံး လာရောက်ကြဲချသွားတာဖြစ်တယ်။ တလုံးက လမ်းမကြီးက အမှုန့်ကြိတ်စက်မှာ ကျပြီးတော့ နောက်တလုံးက အထက-မြို့မ ကျောင်းဝန်းထဲမှာကျတယ်။ လမ်းမကြီးက အမှုန့်ကြိတ်စက်မှာ ကျတဲ့အလုံးမှာ အရပ်သားတွေ အထိအခိုက်များကြတယ်။ ကျနော်တို့ သိထားရသလောက်တော့ ၄ ဦးသေပြီးတော့ နောက်ထပ် ၃၀ ကျော်လောက် ထိခိုက်ဒဏ်ရာ ရရှိသွားကြတယ်။”
စစ်ကောင်စီက လေကြောင်းဗုံကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူတွေမှာ ဦးအေးကျော် (၄၃ နှစ်)၊ ဦးကျော်သိန်းလှ (၅၃ နှစ်)၊ ဦးမောင်ထွန်းနိုင် (၄၅ နှစ်)၊ မသန္တာအေး (၁၈ နှစ်) တို့ ဖြစ်ကြပြီး ထိခိုက်ဒဏ်ရာရရှိသွားသူတွေမှာလည်း စိုးရိမ်ရတဲ့လူတွေ ပါတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်နဲ့ ဈေးဆိုင်များအပြားလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ကျောက်တော်မြို့ကို အာရက္ခတပ်တော်က ဖေဖော်ဝါရီ ၇ ရက်ကတည်းက သိမ်းပိုက်ထားပြီး လက်ရှိ လေကြောင်းတိုက်ခိုက်ခဲ့တဲ့ နေရာတွေမှာ မြို့ရဲ့လူစုလူဝေးစု အထင်ကရ နေရာဖြစ်ပြီး စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။
စစ်ကောင်စီဟာ အာရက္ခတပ်တော်ကို စစ်ရေးအရ ယှဉ်ပြိုင်နိုင်စွမ်း မရှိတော့တာကြောင့် အရပ်သားတွေကို ရှုံးမဲမဲပြီး တိုက်ခိုက်လာတာဖြစ်တယ်လို့ ရခိုင်က လူမှုရေးလှုပ်ရှားသူ တယောက်က ပြောပါတယ်။
“စစ်ကောင်စီက ရခိုင်စစ်မျက်နှာမှာ AA ကို စစ်ရေးအရ ဘယ်လိုမှ ယှဉ်ပြိုင်နိုင်စွမ်း မရှိတော့တာကြောင့် အရပ်သားတွေကို ပစ်မှတ်ထားပြီးတော့ တိုက်ခိုက်လာတာဖြစ်တယ်။ အဓိကတော့ သူတို့ အုပ်ချုပ်ခွင့်မရရင် တခြားတော်လှန်ရေးအဖွဲ့အစည်းတွေကိုလည်း အုပ်ချုပ်ခွင့်မရှိစေရဆိုပြီး ရှုံးမဲမဲပြီးတော့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာဖြစ်တယ်။”
အောက်တိုဘာ ၁ ရက်ကနေ ၁၀ ရက်အထိ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးသူ ၂၅ ယောက်အထိ ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၄၅ ယောက်အထိ ရှိခဲ့ပါတယ်။
အောက်တိုဘာ ၁၀ ရက်အတွင်း စစ်ကောင်စီက ကျောက်တော်၊ တောင်ကုတ်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ မောင်တော၊ အမ်းနဲ့ ဂွမြို့နယ်တို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။