Home
မြန်မာသတင်း
သိန္နီနှင့် ကွတ်ခိုင်ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်၊ ပြည်သူအချို့ဒဏ်ရာရပြီး နေအိမ်များပျက်စီး
DVB
·
October 10, 2024
Photo-Naing Lynn Elio

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်၊ ပန်လော့ကျေးရွာအုပ်စု၊ မန်ချက်ရွာနဲ့ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ ဟိုပုန်ကျေးရွာအုပ်စု၊ ပိန်းလုံ (မရူ) ရွာတွေဘက်ကို စစ်ကောင်စီက အောက်တိုဘာ ၁၀ ရက် မနက် ၂ နာရီခွဲဝန်းကျင်ခန့်မှာ လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတယောက်က “အိမ်ခေါင်မိုးပေါ် တည့်တည့်ကို ကျသွားတာ” လို့ ပြောပါတယ်။

စစ်ကောင်စီက အောက်တိုဘာ ၁၀ ရက် မနက် ၂ နာရီခွဲဝန်းကျင်ခန့်က မန်ချက်ရွာရှိ လူနေအိမ်တွေကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူသေဆုံးမှုမရှိပေမဲ့ ဒဏ်ရာရသူ ရှိပြီး နေအိမ်တွေလည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

ဒေသခံ နောက်တယောက်က “လားရှိုးက အခြေအနေကောင်းပါတယ်။ မနက်က သိန္နီမှာပဲ လာကြဲသွားတယ်။ အထိအခိုက်ကတော့ ၅ ယောက် ထိသွားတယ်ဗျ။ ရွာဘက်ပါ” လို့ ပြောပါတယ်။

သိန္နီမြို့ကနေ ချင်းရွှေဟော်သွားတဲ့လမ်းမပေါ်က မန်ချက်ရွာရှိ ငါးကန်အနီးမှာ ကျရောက် ပေါက်ကွဲခဲ့တာလို့ နယ်စပ်ကုန်သည်တယောက်ကလည်း ပြောပါတယ်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် ချန်နယ်မှာတော့ MNDAA တွေ ယာယီအခြေပြုရာ သိန္နီမြို့နဲ့ ၂ မိုင်အကွာမှာရှိတဲ့ မန်ချက်ရွာက MNDAA စခန်းကို အောက်တိုဘာ ၁၀ ရက် မနက် ၂ နာရီခွဲခန့်က လေကြောင်းကနေ ဗုံးကြဲခဲ့ကြောင်း၊ ရွာတည်နေရာက ကွမ်းလုံသွား ကားလမ်းပေါ်မှာဖြစ်ကြောင်း ရေးသား ဖော်ပြထားပါတယ်။

ဒါ့အပြင် ကွတ်ခိုင်ဘက်ကိုလည်း အောက်တိုဘာ ၁၀ ရက် မနက် ၂ နာရီ ၃၅ မိနစ်မှာ လေကြောင်းနဲ့ ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ အသေအပျောက်များတဲ့ ဒေသတွေမှာ ၃ လ အထိ အချိန်ကာလသတ်မှတ်ပြီး သန်းခေါင်စာရင်းကောက်ယူသွားမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

မုံးစီး ပြိန်းလုံ ရေပူစမ်း ကွင်းပြင်မှာလည်း စစ်ကောင်စီက လေကြောင်းနဲ့ ဗုံး ၄ လုံး ကြဲသွားတယ်လို့ ‌ကွတ်ခိုင်ဒေသခံတယောက်က ပြောပါတယ်။

“တယောက် ထိခိုက်ဒဏ်ရာ ရသွားတယ်။ ဒဏ်ရာ ပြင်းလား မပြင်းလားတော့ မသိဘူး။”

လေယာဉ်ဗုံးကျတဲ့နေရာ တနေရာမှာတော့ ကျွဲလူးအိုင်လို ဖြစ်သွားပြီး ဗုံးက ညီနောင်တွေရှိတဲ့နား သွားကျတာလို့ မှတ်တမ်းဖိုင်ရိုက်သူက ပြောပါတယ်။

စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ လားရှိုးမြို့ကို ပြီးခဲ့တဲ့ ဩဂုတ် ၃၀ ရက်ကစပြီး လက်ရှိအထိ လေကြောင်းနဲ့ ၁၀ ကြိမ်ကျော် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကိုးကန့် MNDAA ဘက်က ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေကို ယာယီဖြတ်တောက်ထားတဲ့အပြင် စစ်ကောင်စီရဲ့ သတင်းပေး အယောက် ၂၀ ခန့်ကို ဖမ်းဆီးရမိပြီးနောက် လားရှိုးမြို့ထဲ ဗုံးကြဲမှု ပါးသွားပြီး သိန္နီနဲ့ ကွတ်ခိုင်မြို့နယ်ဘက် ဦးတည် ဗုံးကြဲတိုက်ခိုက်လာတာကို တွေ့ရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024