စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် အရှေ့ခြမ်းက ကုက္ကိုလ်ကုန်းရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အောင်တိုဘာ ၈ ရက် ညနေ ၃ နာရီခွဲက ဗုံးကြဲ ပစ်ခတ်သွားတာကြောင့် ပြည်သူ ၃ ယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွာသားတယောက်က “ဘာတိုက်ပွဲမှ မရှိဘဲနဲ့ကို ဗုံးကြဲပြီး စက်လက်နဲ့ပါ ပစ်သွားတယ်။ ဗုံးသီးက ၃ လုံးကြဲတာ။ စက်လက်နဲ့ပါ ပစ်သွားတာ။ ဗုံးကြဲလို့ အရပ်သားပြည်သူ ၃ ဦး သေဆုံးတယ်၊ ၂ ဦးက ဒဏ်ရာပြင်းထန်ရတယ်။ ရွာထဲကို ချသွားတာလေ။ အိမ်က ၅ လုံး၊ ၆ လုံးထက်မနည်း ပျက်စီးတယ်။ ၁၀ ဘီးကားတစီး ပျက်စီးတယ်။ ပြည်သူတွေကတော့ အကုန်ကြောက်လန့်ပြီး ရွာထဲကနေ အကုန်ထွက်ပြေးနေကြတယ်” လို့ ပြောပါတယ်။
ကုက္ကိုလ်ကုန်းရွာဟာ အိမ်ခြေ ၉၀ လောက် ရှိတဲ့ ကျေးရွာတရွာဖြစ်ပြီး ကောလင်းမြို့နဲ့ မိုင် ၂၀ ခန့် ဝေးကွာပါတယ်။
ဒေသခံ ကူညီကယ်ဆယ်ရေးသမားတယောက်က “ဘာတိုက်ပွဲမှ မဖြစ်ဘဲနဲ့ကို လာလုပ်သွားတာ။ ဒဏ်ရာရတဲ့သူတွေကိုတော့ ကျနော်တို့ ကူညီကယ်ဆယ်ရေး လုပ်ပေးနေတယ်ဗျ။ ပြည်သူ ၃ ဦးသေတယ်၊ ၂ ဦး ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့သူတွေကို ဆေးရုံပို့ပေးနေပါတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်ကလည်း ကောလင်းမြို့နယ် ဥက္ကံကျေးရွာကို အခုလို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၆ ယောက် သေဆုံးခဲ့ပါတယ်။