တနင်္သာရီမြို့နယ်၊ တကူတိုက်နယ်က သိန္ဓောရွာစခန်းနဲ့ ကျေးရွာတရွာတို့ကို အောက်တိုဘာ ၇ ရက်မနက်မှာ စစ်ကောင်စီတပ်က K-8W ဂျက်တိုက်လေယာဥ်နဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မနေ့ မနက် ၉ နာရီလောက်က စစ်ကောင်စီတပ်သားတွေ စွန့်ခွာသွားပြီဖြစ်တဲ့ တကူကျေးရွာအုပ်စုက သိန္ဓောရွာစခန်းဟောင်းကို ဂျက်တိုက်လေယာဉ် တစီးနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာပါ။
တဆက်တည်းမှာ တကူကျေးရွာအုပ်စု၊ အင်းရှည်ကုန်းရွာကိုလည်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာလေယာဥ်နဲ့ ဗုံးသီးတွေ လာကြဲသွားတယ်လို့ သိရပြီး ရွာဆေးခန်းရဲ့ အနောက်ဘက်တဝိုက်ကို ဗုံးသီးတွေ ကျရောက်ပေါက်ကွဲခဲ့ပေမဲ့ အရပ်သားပြည်သူ ထိခိုက်ဒဏ်ရာရတာမျိုးတော့ မရှိခဲ့ပါဘူး။
ဒေသခံပြည်သူတယောက်က “ထိခိုက်မှုက ကွမ်းပင်တွေပဲ ထိသွားတယ်။ ရွာပြင်ဘက် ကျပေါက်သွားလို့ပါ” လို့ ပြောပါတယ်။
သိန္ဓောရွာစခန်းဟာ စက်တင်ဘာ ၂၅ ရက်က စစ်ကောင်စီတပ်သားတွေ စခန်းစွန့်ခွာသွားပြီးနောက် တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထားတဲ့ လက်ရှိမှာ လူသူမရှိတော့တဲ့ စခန်းဟောင်းတခု ဖြစ်တယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ က ထုတ်ပြန်ထားပါတယ်။
အင်းရှည်ကုန်းရွာမှာတော့ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးသီးတွေ ၅ လုံးထက်မနည်း လာကြဲသွားတယ်လို့ သိရပြီး ကျရောက်ပေါက်ကွဲတဲ့ နေရာတဝိုက်မှာရှိတဲ့ ကွမ်းပင်တွေ ထိခိုက်ပျက်စီးသွားပါတယ်။
စစ်ကောင်စီက တနင်္သာရီမြို့နယ်အတွင်း ဂျက်ဖိုက်တာအသုံးပြုပြီး တိုက်ခိုက်တာကို အခု အောက်တိုဘာလမှာ ပြန်လည်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာ တနင်္သာရီမြို့နယ်ကို စစ်ကောင်စီက ဒရုန်းနဲ့ လက်နက်ကြီးတွေ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အရပ်သားပြည်သူ ၅ ယောက် သေဆုံးခဲ့ကာ အများအပြား ထိခိုက်ဒဏ်ရာရခဲ့ ပါတယ်။