Home
မြန်မာသတင်း
တနင်္သာရီမြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ခွင့်မပြုဟု တိုင်းစစ်ဆင်ရေးတာဝန်ခံ ပြော
DVB
·
October 6, 2024
Photo : kolwanwai/ အရှေ့ဘန်လော စိုးမိုးနယ်မြေ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်း၊ တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့နယ်မြေတွေမှာ သန်းခေါင်စာရင်းကောက်ယူခွင့်မပြုဘူးလို့ တနင်္သာရီတိုင်းစစ်ဌာန၊ စစ်ဆင်ရေးတာဝန်ခံက ပြောပါတယ်။

တနင်္သာရီမြို့နယ်ထဲမှာ တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း ၂၀ ကျော်ရှိပြီး အဲဒီ ရပ်ကွက်၊ ကျေးရွာအုပ်စုတွေမှာ စစ်ကောင်စီဘက်က သန်းခေါင်စာရင်း မကောက်နိုင်ဘူးလို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

စစ်ဆင်ရေးတာဝန်ခံ ရဲဘော်စတားက “စစ်ကောင်စီဘက်က တနင်္သာရီမြို့ပေါ်မှာတော့ သန်းခေါင်စာရင်း ကောက်ပြီးပြီ။ ကားလမ်းမပေါ်မှာရှိတဲ့ ကျေးရွာတွေမှာတော့ သန်းခေါင်စာရင်းတော့ မကောက်သေးဘူး။ ကျနော်တို့ ထိန်းချုပ်နယ်မြေမှာတော့ သန်းခေါင်စာရင်း ကောက်ခွင့်မပြုနိုင်ဘူး။ ချိပ်ပိတ်မယ်လို ခြိမ်းခြောက်တာတွေ ရှိတယ်လို့ ပြောပါတယ်။ သူတို့(စကစ)ဘက်က သန်းခေါင်စာရင်းကောက်တာဟာ ပြည်သူတွေရဲ့ လုံခြုံရေးကို ချိုးဖောက်နေတာ တွေ့ရတယ်။ စကစရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ နယ်မြေတွေက ပြည်သူတွေကိုလည်း နားလည်ပါတယ်။ ဒါပေမဲ့ ပြည်သူတွေအနေနဲ့ စကစ သန်းခေါင်စာရင်းကောက်ရာမှာ မဖြေကြားကြဖို့နဲ့ ကျနော်တို့ဘက်ကလည်း သူတို့ရဲ့ လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နိုင်ခြင်းမရှိအောင် အတတ်နိုင်ဆုံး တားဆီးသွားမှာပါ” လို့ ပြောပါတယ်။

တနင်္သာရီမြို့ပေါ်မှာ စစ်ကောင်စီဘက်က လူဝင်မှုကြီးကြပ်ရေးဝန်ထမ်း ၂ ယောက်နဲ့ စစ်သား ၂ ယောက် လာရောက်ပြီး မေးခွန်းပေါင်း ၆၀ လောက် မေးမြန်းခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အမည်မဖော်လိုသူ ဒေသခံ အမျိုးသားတယောက်က “ကိုယ်ရေးအကျဉ်း အချက်အလက်တွေအပြင် အိမ်မှာ အိမ်ခန်းဘယ်နှခန်း ရှိလဲ။ ဧည့်သည်လာတာမျိုးရှိလားလို့ မေးတယ်။ လဝက ဝန်ထမ်း ၂ ယောက်က မေးမြန်းချိန်မှာ စစ်သား ၂ ယောက်က လမ်းမှာ လုံခြုံရေးယူပေးထားတယ်” လို့ ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့နယ်မြေဘက်ကို တိမ်းရှောင်သွားသူတွေရဲ့ အိမ်ကိုတော့ သန်းခေါင်စာရင်းကောက်ချိန် လူမရှိရင် ချိပ်ပိတ်မယ်လို့ ခြိမ်းခြောက်တာတွေရှိတယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ နယ်မြေဒေသခံတယောက်က “ရွာခံတွေအနေနဲ့ ပြဿနာမရှိပါဘူး။ စိုးမိုးနယ်မြေဘက်ကို တိမ်းရှောင်ပြီးလာနေသူတွေမှာတော့ ခြိမ်းခြောက်ခံရတာမျိုးတွေ ရှိတယ်။ စကစက ထိန်းချုပ်နယ်မြေတွေမှာ သန်းခေါင်စာရင်းကောက်ချိန် လူမရှိရင် အိမ်ကို ချိပ်ပိတ်မယ်လို့ ခြိမ်းခြောက်တာတွေရှိတယ်” လို့ ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ တနိုင်ငံအတိုင်းအတာအရ သန်းခေါင်စာရင်းကောက်ဖို့ ကြိုးစားနေတာဖြစ်ပြီး အောက်တိုဘာ ၁ ရက်နေ့ကနေ ၁၅ ရက်အတွင်း ကောက်ခံမယ်လို့ ကြေညာထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013