Home
မြန်မာသတင်း
တောင်ကုတ်နှင့်မောင်တောကို စစ်တပ်က ဗုံးကြဲ၊ အရပ်သား ၁၅ ဦး သေဆုံးပြီး ၁၀ ဦးဒဏ်ရာရ
DVB
·
October 8, 2024

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် တန်းလွဲရွာမမြို့နဲ့ မောင်တောမြို့နယ် ခရေမြိုင်ကျေးရွာတို့ကို အောက်တိုဘာ ၇ ရက်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၅ ယောက်ထက်မနည်းသေဆုံးပြီး ၁၀ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမမြို့ကို စစ်ကောင်စီက အောက်တိုဘာ ၇ ရက် ည ၁၁ နာရီလောက် လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် မြို့ခံ ၁၃ ယောက်သေဆုံးပြီး ၇ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

တန်းလွဲရွာမမြို့ ဈေးအနီးကို ည ၁၁ နာရီကျော်မှာ ဂျက်ဖိုင်တာတစီးနဲ့ ဗုံး ၂ လုံး ကြဲချခဲ့တာကြောင့် မြို့ခံအများအပြား သေဆုံးခဲ့ရတာလို့ တောင်ကုတ်ဒေသခံတယောက်က ပြောပါတယ်။

“ည ၁၁ နာရီလောက်မှာ ဂျက်ဖိုင်တာတစီးနဲ့ ဗုံးနှစ်လုံးချသွားတာ ဖြစ်တယ်။ လူနေထိုင်မှု ထူထပ်တဲ့ ဈေးအနီးကို တိုက်ခိုက်ခဲ့တာကြောင့် အထိအခိုက်က များတယ်။ ကျနော်တို့ သိရသလောက်က ကလေးတွေအပါအဝင် မြို့ခံ ၁၃ ဦးသေပြီးတော့ ၆ ဦးအထိ ဒဏ်ရာအပြင်းအထန် ရရှိသွားတယ်။ စစ်ကောင်စီက တန်းလွဲရွာမမြို့ကို လေကြောင်းကနေ လာတိုက်ခိုက်တာ ဒီတကြိမ်ဆိုရင် နှစ်ကြိမ်အထိရှိပြီ။”

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူတွေမှာ မောင်စွမ်းဆက်နိုင် (အသက် ၆ နှစ်)၊ ဦးကျော်မြသန်း (၇၀ နှစ်)၊ ဦးမောင်ကြီး (၄၀ နှစ်)၊ ဦးခင်မောင်ဇင် (၆၁ နှစ်)၊ ဒေါ်ရွှေလာ (၅၇ နှစ်)၊ ဒေါ်မချစ်စု (၄၆ နှစ်)၊ ဦးမောင်မြင့်လွင် (၅၆ နှစ်)၊ ဦးဆန်းဇော်ဌေး (၃၄ နှစ်)၊ ဒေါ်ခင်ဌေးမြင့် (၄၂ နှစ်)၊ ဒေါ်ခင်ဆန်း (၅၂ နှစ်)၊ ဦးခင်မောင်ရီ (၄၈ နှစ်)၊ ဦးအောင်ကျော်စိန် (၆၉ နှစ်)၊ ဒေါ်မတင်ရီ (၆၁ နှစ်) တို့ ဖြစ်ကြပါတယ်။

ဒါ့အပြင် မောင်တောမြို့နယ်၊ ခရေမြိုင်ကျေးရွာကိုလည်း အောက်တိုဘာ ၇ ရက် ညနေ ၄ နာရီလောက်မှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ ယောက်သေဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့ကြပါတယ်။

စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ခရေမြိုင်ကျေးရွာ ကျေးရွာစာသင်ကျောင်းကို လေကြောင်းကနေ လာရောက်တိုက်ခိုက်ခဲ့တာလို့ မောင်တောဒေသခံတယောက်က ပြောပါတယ်။

“မောင်တောမှာက နခခ ၅ ကလွဲပြီး ဘယ်နေရာမှာမှ တိုက်ပွဲမရှိတော့ဘူး။ ခရေမြိုင်ကိုတော့ ၇ ရက်နေ့ ညနေ ၄ နာရီမှာ လေကြောင်းကနေ လာတိုက်ခိုက်ခဲ့တာဖြစ်တယ်။ ရွာရဲ့စာသင်ကျောင်းကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး လမ်းသွားလမ်းလာ ဖြတ်သန်းနေတာမှာ ဗုံးစထိပြီး နှစ်ဦးသေသွားတယ်။ နောက်ထပ် ကလေးတဦးနဲ့ အမျိုးသမီး ၂ ဦးက ထိခိုက်ဒဏ်ရာ ရသွားတယ်။”

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူတွေမှာ ကိုအောင်အောင်စိုး (၁၉ နှစ်) နဲ့ ကိုထွန်းဝင်း (၁၈ နှစ်) တို့ ဖြစ်ကြပါတယ်။

မောင်တောမြို့နယ်အတွင်းမှာ စစ်ကောင်စီရဲ့ လက်ကျန်တပ်စခန်းဖြစ်တဲ့ နခခ ၅ မြို့သူကြီးကို အာရက္ခတပ်တော်က အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၈ ရက် မနက်ပိုင်းမှာလည်း ပုဏ္ဏားကျွန်းမြို့နယ်က ကျေးရွာ ၃ ရွာနဲ့ ပေါက်တောမြို့နယ်က ကျေးရွာတရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတွေ ထိခိုက်ဒဏ်ရာရရှိခဲ့ကြတာတွေ ရှိခဲ့ပါတယ်။

စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ စစ်ရေးအရ ရှုံးနိမ့်နေတာကြောင့် အခုရက်ပိုင်းအတွင်းမှာ အရပ်သားတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်နေတာဖြစ်ပြီး အရပ်သား ထိခိုက်သေဆုံးမှုလည်း ဆက်တိုက်ဆိုသလို မြင့်တက်လာနေပါတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်ကလည်း တန်းလွဲရွာမမြို့ကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ ယောက် သေဆုံးပြီး ၅ ယောက် ဒဏ်ရာရရှိခဲ့ကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024