ရုရှားနိုင်ငံ အနောက်ပိုင်းကို တိုက်ခိုက်ခဲ့မှုမှာ မြောက်ကိုရီးယား စစ်လက်နက်တွေ ဝှက်ထားတဲ့နေရာ ပါဝင်ကြောင်း ယူကရိန်းစစ်တပ်က ကြေညာခဲ့ပါတယ်။
ယူကရိန်းစစ်တပ်ဟာ ဘရန့်နယ်စပ်ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရုရှားရဲ့ တိုက်စစ်အားလျော့ဖို့နဲ့ ထောက်ပံ့ပို့ဆောင်ရေး အားနည်းနေစေဖို့ ရည်ရွယ်ပါတယ်။
“ဒီလက်နက်တိုက်မှာ ဒုံးကျည်တွေ၊ အမြောက်ပစ္စည်းတွေ သိုလှောင်ထားပါတယ်။ ဒါတွေက မြောက်ကိုရီးယားက ပေးပို့တဲ့ လက်နက်ပစ္စည်းတွေပါ။ ဒီအထဲမှာ လေဟုန်နဲ့ပစ်ခတ်ရတဲ့ ဂလိုက်ဗုံးတွေလည်း ပါဝင်ပါတယ်” လို့ ယူကရိန်း တာဝန်ရှိသူတယောက်က ပြောပါတယ်။
ဘရန့်နယ်စပ်မှာရှိတဲ့ ဝန်ကြီးကတော့ အခြေအနေကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး ဒီနေရာမှာ လက်နက်တိုက်ရှိတယ် ဆိုတာတော့ ပြောဆိုခဲ့ခြင်း မရှိပါဘူး။
ရုရှားတပ်ဖွဲ့က ဒရုံး ၂၄ စင်းကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ တယ်လီဂရမ်မှာ ဘရန့်မြို့တော်ဝန်က ပြောဆိုထားပါတယ်။
မြောက်ကိုရီးယား စစ်သားတွေဟာ ယူကရိန်းထိုးစစ်မှာ ရုရှားတပ်တွေနဲ့အတူ တိုက်ပွဲဝင်နေတယ်လို့ တောင်ကိုရီးယားက ဆိုပါတယ်။
တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးက ယူကရိန်းရဲ့ အောက်တိုဘာ ၃ ရက် တိုက်ခိုက်မှုမှာ မြောက်ကိုရီးယားအရာရှိ ၆ ယောက် သေဆုံးခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့ ရုရှားသမ္မတ ပူတင်တို့ရဲ့ ကာကွယ်ရေးဆိုင်ရာ အပြန်အလှန် သဘောတူညီမှုကို ဇွန်လက ပြုလုပ်ထားပါတယ်။
လက်ရှိအချိန်မှာလည်း ရုရှားကို မြောက်ကိုရီးယားက လက်နက်တင်ပို့မှုတွေ အဓိက ပြုလုပ်နေတယ်လို့ တောင်ကိုရီးယားနဲ့ အမေရိကန်တို့က အခိုင်အမာ ပြောကြားထားပါတယ်။
ရုရှားထိုးစစ်နဲ့ပတ်သက်ပြီး ယူကရိန်းရဲ့ ခံစစ်အနေအထား ဆွေးနွေးမှုကို လာမယ့်စနေ ဂျာမနီနိုင်ငံမှာ ပြုလုပ်ဖို့ ရည်ရွယ်ခဲ့ပေမဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် မလာနိုင်လို့ ရက်ရွှေ့ဆိုင်းထားပါတယ်။
ဖလော်ရီဒါပြည်နယ်ကို မုန်တိုင်းဝင်ရောက်မှုအတွက် ဂျိုးဘိုင်ဒင်က ဂျာမနီခရီးစဉ်ကို ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်။
Source-Reuters