ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်း ခါကိဗ်မြို့မှာ အောက်တိုဘာ ၈ ရက်က ရုရှားရဲ့ ပဲ့ထိန်းဒုံးကျည်နဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား ၂ ယောက်ထက်မနည်း သေဆုံးပြီး ကလေးတယောက် အပါအဝင် လူ ၃၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။
ရေကန်အနီးရှိ ပန်းခြံတခုမှာ လူ ၂ ယောက် သေဆုံးခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က ပြောကြားခဲ့ပြီး တခြားသူ ၂ ယောက် ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
အာဏာပိုင်တွေဟာ အသုံးပြုခဲ့တဲ့ လက်နက်အမျိုးအစားကို စစ်ဆေးဖို့ လုပ်ဆောင်နေပါတယ်။
“ရုရှား က FAB သို့မဟုတ် KAB ဗုံး ၅ လုံးထက်မနည်း ပစ်လွှတ်လိုက်တာဖြစ်ပြီး ဗုံးတပ်က အသုံးပြုတဲ့ ဗုံးအမျိုးအစား အတိအကျကို မသတ်မှတ်ရသေးပါဘူး” လို့ ခါကိဗ်ဒေသ အမျိုးသားရဲတပ်ဖွဲ့မှ ရဲချုပ် ဗိုလိုဒီမီယာ တိုင်မော့ရှ်ကိုက ပြောပါတယ်။
ဗုံးတလုံးက မြောက်ပိုင်း ဆာလ်တိဗ်ကာခရိုင်ရှိ အများပြည်သူ အပန်းဖြေပန်းခြံဧရိယာကို ထိသွားတာကြောင့် လူ ၂ ယောက် သေဆုံးပြီး အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်တို့ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အဲဒီနေ့အစောပိုင်းက ရုရှားတိုက်ခိုက်မှုတခုကြောင့် အသက် ၁၆ နှစ်အရွယ် အမျိုးသားတေယာက် အပါအဝင် လူ ၂၈ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသအုပ်ချုပ်ရေးမှူးက ပြောပါတယ်။
အရပ်သား ကုန်ထုတ်လုပ်ရေးစက်ရုံတခု ထိခိုက်မိခဲ့ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ခါကိဗ်မြို့တော်ဝန် အီဟော်ရ် ထယ်ရယ်ခို့ဗ်က ဆိုပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ မော်စကိုရဲ့ လုံးလုံးလျားလျား ကျူးကျော်မှု စတင်ချိန်ကတည်းက ရုရှားနယ်စပ်မှ ၃၀ ကီလိုမီတာ (၁၈ မိုင်) အကွာမှာရှိတဲ့ ခါကိဗ်မြို့ဟာ ရုရှားတိုက်ခိုက်မှုတွေကို မကြာခဏ ခံရတဲ့ ပစ်မှတ်တခု ဖြစ်ပါတယ်။
Source-Reuters