ပါလက်စတိုင်းအုပ်စုရဲ့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ အယ်လ်ကက်ဆမ် တပ်မဟာက အစ္စရေးကို တိုက်ခိုက်မှု တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် အောက်တိုဘာ ၇ ရက်မှာ ဗီဒီယိုရုပ်သံတခုကို ထုတ်ပြန်လိုက်ပြီး ပြီးခဲ့တဲ့သီတင်းပတ်က တဲလ်အဗစ်မြို့ ဂျက်ဖာရပ်ကွက်မှာ လူ ၄ ယောက် သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုကို ချီးကျူးထားပါတယ်။
အစ္စရေးနိုင်ငံအပေါ် တိုက်ခိုက်မှုတွေ ဆက်ရှိနေမှာဖြစ်ပြီး အစ္စရေးအစိုးရဟာ ဓားစာခံ လဲလှယ်ရေး သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ စေ့စပ်ညှိနှိုင်းမှုတွေကို အလျင်စလို မလုပ်ဘူးဆိုရင် ကျန်ဓားစာခံတွေရဲ့ ကံကြမ္မာဟာ အလွန်ကို အန္တရာယ်ကြီးတဲ့ စိုးရိမ်စရာ အခြေအနေမှာ ရှိနေလိမ့်မယ်လို့ ဗီဒီယိုထဲမှာ မျက်နှာဖုံးစွပ် စစ်ဝတ်စုံ ဝတ်ဆင်ထားတဲ့ အယ်လ်ကက်ဆမ် တပ်မဟာရဲ့ စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ အဘူ အိုဘိုက်ဒါက ပြောပါတယ်။
“ကျန်နေသေးတဲ့ ဓားစာခံတွေရဲ့ စိတ်ဓာတ်နဲ့ ကျန်းမာရေး အခြေအနေဟာ အလွန်ကို ခက်ခဲလာပြီး သူတို့ပတ်ဝန်းကျင်မှာလည်း အန္တရာယ်တွေက တနေ့တခြား တိုးလာနေပါတယ်။ အချုပ်အားဖြင့်ပြောရရင် ရန်သူဘက်က ဓားစာခံတွေရဲ့ ကံကြမ္မာဟာ သိမ်းပိုက်အစိုးရရဲ့ ဆုံးဖြတ်ချက်နဲ့ ဆက်စပ်နေပါတယ်။”
အစ္စရေးရဲ့ စီးပွားရေးမြို့တော် တဲလ်အဗစ်ကို တချိန်တည်း တပြိုင်တည်းမှာ ဒုံးကျည်ပေါင်းများစွာ ပစ်လွှတ်ခဲ့တာကြောင့် အစ္စရေး အလယ်ပိုင်းမှာ အချက်ပေးဥဩသံတွေ ဆူညံခဲ့တယ်လို့ ဟားမတ်စ်အဖွဲ့က ပြောပါတယ်။
အစ္စရေးကလည်း တနင်္လာနေ့က ဟားမတ်စ်တိုက်ခိုက်မှု ပထမနှစ်ပတ်လည်နေ့ကို အခမ်းအနားတွေ၊ ဆန္ဒပြပွဲတွေနဲ့ ကျင်းပခဲ့ကြပြီး မနှစ်က နိုဗာဂီတပွဲတော်မှာ စစ်သွေးကြွတွေက လူ ၃၆၄ ယောက် သေဆုံးကာ ပါတီဝင်တွေနဲ့ ဝန်ထမ်း ၄၄ ယောက်ကို ပြန်ပေးဆွဲခဲ့လို့ ဒုက္ခရောက်ခဲ့ရသူတွေအတွက် အောက်မေ့ဖွယ် အခမ်းအနားတွေလည်း ပါဝင်ပါတယ်။
မနှစ်တုန်းက ဂါဇာနယ်စပ်အနီးရှိ မြို့တွေနဲ့ ကစ်ဘတ်ဇ်ကျေးရွာ အသိုင်းအဝိုင်းတွေမှာ ဟားမတ်စ် ဦးဆောင်တဲ့ စစ်သွေးကြွတွေဟာ လူပေါင်း ၁,၂၀၀ လောက်ကို သတ်ဖြတ်ခဲ့ပြီး ဓားစာခံ ၂၅၀ လောက်ကို ဂါဇာကို ခေါ်ဆောင်သွားခဲ့တာပါ။
ဟားမတ်စ်တို့ရဲ့ သောင်းကျန်းမှုကြောင့် ဂါဇာကမ်းမြောင်အပေါ် အစ္စရေးက လက်တုံ့ပြန်ထိုးစစ် ဆင်နွှဲခဲ့တာမှာ လူဦးရေထူထပ်တဲ့ နယ်မြေဧရိယာ ပျက်စီးဆုံးရှုံးမှု များပြားလှပြီး အခုချိန်ထိ သေဆုံးသူဦးရေ ၄၂,၀၀၀ နီးပါး ရှိနေပြီလို့ ပါလက်စတိုင်း ကျန်းမာရေးအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
Source-Reuters