ယူကရိန်းနိုင်ငံအပေါ် ရုရှားက အောက်တိုဘာ ၆ ရက် အစောပိုင်းမှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ နိုင်ငံအရှေ့ပိုင်း တဝက်လောက်မှာ ၅ နာရီကျော်ကြာအောင် လေကြောင်းတိုက်ခိုက်မှု သတိပေးချက်ကို ထုတ်ပြန်ထားခဲ့ရတယ်လို့ ယူကရိန်းစစ်တပ်က ပြောပါတယ်။
တနင်္ဂနွေနေ့မနက်က ယူကရိန်းစစ်တပ်ရဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့တွေဟာ မြို့တော် ကိယက်ဗ်ကို ရုရှားက လေကြောင်းတိုက်ခိုက်တာကို ချေမှုန်းခဲ့တယ်လို့ တယ်လီဂရမ်ကနေ ပြောခဲ့ပါတယ်။
ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းနိုင်ငံ ဒန်ညက်စ်ဒေသထဲက ရွာတရွာကို ထိန်းချုပ်လိုက်ပြီလို့ အောက်တိုဘာ ၅ ရက်မှာ ကြေညာပါတယ်။
ရုရှားတပ်တွေက အီလက်ထရွန်းနစ် စစ်စခန်း၊ အမြောက်ပစ်ရေဒါနဲ့ ခဲယမ်းမီးကျောက်တွေ အပါအဝင် ယူကရိန်းစစ်တပ် ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ အထူးစစ်ဆင်ရေး နေ့စဉ် အစီရင်ခံစာထဲမှာ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ပြောခဲ့ပါတယ်။
ရုရှားလေကြောင်းရန် ကာကွယ်ရေးစနစ်တွေက ယူကရိန်းဒုံးပျံတွေ၊ ဝေဟင်ကနေ ကြဲချတဲ့ဗုံးတွေနဲ့ မောင်းသူမဲ့ လေယာဉ်တွေကို ကြားဖြတ် ဟန့်တားခဲ့ပါတယ်။
ကာ့က်စ် ဒေသထဲက ယူကရိန်းတပ်ဖွဲ့ဝင်တွေကို စနေနေ့မှာ ရုရှားတပ်ဖွဲ့တွေက ဆက်တိုက်ခိုက်ခဲ့လို့ အသေအပျောက် ၄၀၀ ကျော်ရှိပြီး သံချပ်ကာယာဉ် ၁၀ စီးကျော် ပျက်စီးခဲ့တယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
တချိန်တည်းမှာပဲ ယူကရိန်းကလည်း ရုရှားရဲ့ ကွပ်ကဲရေးဌာနချုပ်တွေကို ထိမှန်အောင် ရော့ကက်ဒုံးကျည်တွေ မစ်ဇိုင်းဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။
စနေနေ့ မွန်းလွဲ ပိုင်းအထိ ယူကရိန်းတပ်ဖွဲ့တွေဟာ ပေ့ါခ်ရော့ဗ်စ်ခ် ဒေသထဲမှာ အပြင်းထန်ဆုံးတိုက်ပွဲတွေနဲ့အတူ ရုရှားတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲအများအပြား ဖြစ်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်ရဲ့ စစ်ဦးစီးချုပ်က ပြောပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေဟာ ရုရှားစစ်တပ်ကွပ်ကဲရေးစခန်းကို တိုက်ခိုက်ဖို့ Storm Shadow ဒုံးကျည်တွေနဲ့ ဒုံးပစ်လောင်ချာတွေ အများကြီးကို သုံးခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။
Source-Reuters