မကွေးတိုင်း ၃ မြို့နယ်နဲ့ စစ်ကိုင်းတိုင်း ၂ မြို့နယ်ကို တရက်တည်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၇ ယောက် သေဆုံးခဲ့သလို မြေပြင်မှာလည်း အရင်ကထက် ၂ ဆ အဝေးရောက်တဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
ထီးလင်းမြို့နယ် ကျင်းကျေးရွာကိုလည်း ပစ်ခတ်တိုက်ခိုက်တာကြောင့် ပြည်သူ ၄ ယောက်၊ ဂန့်ဂေါမြို့နယ် ရေရှင်မရွာမှာ ၁ ယောက်၊ ဆောနယ်မှာ ၁ ယောက် စုစုပေါင်း ၆ ယောက် နေရာမှာတင် သေဆုံးခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေလည်း အများအပြားရှိခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်ရသူတွေ ပါဝင်တာကြောင့် သေဆုံးသူအရေအတွက် ပိုများလာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဂန့်ဂေါဒေသခံတယောက်က “ဂန့်ဂေါမြို့နယ်၊ ရေရှင်မရွာနားကို ကြဲသွားတာ။ တယောက်ကျသွားတယ်။ နွားပို့သမားက ခေါင်းပြတ်သွားတယ်။ တကယ်တမ်းကဗျာ လက်နက်ကိုင်တွေနဲ့ ရင်မဆိုင်ရဲလို့ နွားပို့သမားနဲ့တောင်ရန်တွေ့တဲ့ မအလပါ” လို့ ပြောပါတယ်။
စစ်ကောင်စီက လေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ မကွေးတိုင်း၊ ယောနယ်ဒေသထဲက ထီးလင်း၊ ဂန့်ဂေါ၊ ဆောမြို့နယ်တွေဟာ ချင်း၊ စစ်ကိုင်း၊ မကွေးလမ်းပန်းဆက်သွယ်ရေးအတွက် အရေးပါတဲ့နေရာဖြစ်ပြီး ဒေသတွင်း PDF ၊ CDF တွေက နေရာအများစုကို ထိန်းချုပ်ထားတာပါ။
စစ်ကောင်စီက ၅ ရက်နေ့ လေကြောင်းမတိုက်ခိုက်ခင် ၄ ရက်နေ့ ညနေပိုင်းကလည်း မြေပြင်ကနေ PDF တွေ စိုးမိုးထားတဲ့ ပခုက္ကူခရိုင်နဲ့ ဂန့်ဂေါခရိုင်ထဲက ကျေးရွာတွေကို အရင်ကထက် ၂ ဆအဝေးရောက်တဲ့ လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
PDF တွေက နှစ်နဲ့ချီပြီးနယ်မြေစိုးမိုးထားတဲ့ ပခုက္ကူခရိုင်နဲ့ ဂန့်ဂေါခရိုင်ကို နယ်မြေပြန်ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီက အင်အားသုံးတိုက်ခိုက်တာလို့ မကွေးဒေသခံ နိုင်ငံရေးသမားတယောက်က ပြောပါတယ်။
“၄ ရက်နေ့ ညနေပိုင်းက ပေါက်မြို့နယ်ထဲမှာ ကပစ ၂၄ ထဲကနေပြီးတော့မှ ရမ်းပြီးတော့ သူတို့ပစ်တာ ထူးခြားချက်က ခါတိုင်း သူတို့ ၈ မိုင်ပဲရောက်တာ၊ ခုကြတော့ ၁၅ မိုင်လောက် အကွာအဝေး ရွာတရွာတည်းကို ၂ လုံးကျပြီးတော့မှ ၄ ဦးထိခိုက်ပြီးတော့ ၁ ယောက်ကတော့ နေရာတင်ပဲဆုံးတဲ့သဘော၊ ပိုပြီးတော့ဝေးဝေးရောက်လာတယ်။ လောလောဆယ် အဲ့လို ဖြစ်လာတာကတော့ ပြည်ပနိုင်ငံတခုခုက ထောက်ပံ့တဲ့အတွက် ဒါကို သူတို့လုပ်နိုင်တာလေ။ သူတို့ထောက်ပံ့တာကို ကျနော်တို့က ဖြတ်တောက်နိုင်တယ်ဆိုရင် သို့မဟုတ် ဟိုဘက်က ရပ်တန့်သွားတယ်ဆိုရင် အရင်လိုပဲ သူတို့ပြန်ဖြစ်သွားမှာပါ။ အခုနောက်ဆုံးသတင်းဆိုလို့ရှိရင် ခေတ်မီနောက်ဆုံးပေါ်ဒရုန်းတွေပါ သူတို့ကို အလုံးအရင်းနဲ့ ပေးတယ်လို့ ကျနော်တို့ သတင်းတော့ရတယ်ပေါ့။ ဒါပေမဲ့ မြေပြင်မှာတော့ ကျနော်တို့ မတွေ့ရသေးဘူးပေါ့။ အခုလက်တွေ့ကတော့ ၄ ရက်နေ့ညနေပိုင်း ပေါက်မှာဖြစ်သွားတာတော့ အရင်ထက် ၂ ဆနီးပါး ဝေးဝေးပစ်နိုင်တဲ့ အနေအထားကိုတော့ အခုပြည်သူတွေကြုံနေရပြီ။ ပေါက်မြို့နယ်ပါဝင်တဲ့ ပခုက္ကူခရိုင်နဲ့ ဂန့်ဂေါခရိုင် ၃ မြို့နယ်က PDF စိုးမိုးမှုပိုပြီးတော့အားကောင်းပါတယ်။ ဆောမြို့နယ်ဆိုလို့ရှိရင် ကျောက်ထုမြို့နားက စစ်တပ်ပိုင်လေယာဉ်ကွင်းရှိတယ်၊ နောက်အမြောက်တပ်ထိုင်ထားတာရှိတယ်။ အဲ့ဒီ ၂နေရာပဲ သူတို့စိုးမိုးနိုင်တယ်။”
အောက်တိုဘာ ၅ ရက်နေ့ တရက်တည်းမှာ မကွေးတိုင်း၊ ယောနယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့သလို စစ်ကိုင်းတိုင်း၊ ရေဦးနယ်နဲ့ ဒီပဲယင်းမြို့ပေါ်တွေကိုလည်း လေကြောင်းကနေ တိုက်ခိုက်တာကြောင့် ပြည်သူတယောက်သေဆုံးခဲ့ပါတယ်။
ရေဦးနယ်၊ တင်းတိမ်ရံရွာသားတယောက်က “အိမ်တလုံးပေါ်တည့်တည့်ကျတာ သားအမိ ၂ ယောက်နေတဲ့ အိမ်ကို။ သမီးကအပြင်ရောက်နေတာ၊ အမေတယောက်တည်းရှိတဲ့အချိန် ကျတာ၊ သေတာပေါ့။ အိမ်ပါအလုံးလိုက်ပျောက်သွားတာ၊ ပစ်တာမဟုတ်ဘူး ဗုံးကြဲတာ” လို့ ပြောပါတယ်။
ဒီပဲယင်းဒေသခံတယောက်က “MI35 နဲ့ပစ်တာတော့ ထိခိုက်မှုတစုံတခုမတွေ့ရဘူးဗျ။ ဂျက်ဖိုက်တာနဲ့ ပစ်တာက မြို့ပေါ်အခြေအနေက ကောင်းကောင်းမသိရဘူး။ တခုရှိတာက မြို့ပေါ်ပြည်သူတော်တော်များများကတော့ အပြင်ကို တိမ်းရှောင်နေကြတယ်။ တချို့တဝက်လည်း ရှိနေတယ်လို့ သိရတယ်။ သူတို့အခြေချထားတာ မှန်ပေမဲ့ ဒီပဲယင်းမြို့ပေါ်မှာ သူတို့အထိုင်ချတဲ့ နေရာလေးကွက်နေပြီးတော့ သူတို့မနေတဲ့ ပြည်သူတွေနေတဲ့ နေရာကိုပဲ သီးခြားရွေးပစ်တာ” လို့ ပြောပါတယ်။
စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တဲ့ ဒီပဲယင်းမြို့ဟာ ဩဂုတ် ၁၈ ရက်နေ့တုန်းက PDF တွေ တရက်တာ ဝင်ရောက်သိမ်းပိုက်တာခဲ့တဲ့ မြို့ဖြစ်ပါတယ်။ ဒီပဲယင်းမြို့ဟာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(မုံရွာ) နဲ့ နီးကပ်တဲ့နေရာမှာ တည်ရှိတာကြောင့် စစ်ကောင်စီက ရေရှည်လက်လွတ်မခံဘဲ ချက်ချင်းပြန်သိမ်းယူခဲ့တာဖြစ်ပါတယ်။
စက်တင်ဘာလထဲမှာ မြောက်ပိုင်းမဟာ ၃ ဖွဲ့ရဲ့ ရှမ်း-မန်းစစ်ဆင်ရေး အရှိန်တန့်သွားပြီးတဲ့နောက် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲမှာ မြင်သာတဲ့ စစ်ရေးဖော်ဆောင်တာတွေ စစ်ကောင်စီက ပြန်လည်ပြုလုပ်လာတာပါ။
သုတချမ်းသာ