Home
နိုင်ငံတကာ
အောက်တိုဘာ ၇ ရက် တိုက်ခိုက်ခံရမှု ၁ နှစ်ပြည့်အထိမ်းအမှတ် အစ္စရေး ကျင်းပ
DVB
·
October 7, 2024
Photo-Reuters

အရှေ့အလယ်ပိုင်းတခွင်မှာ ပိုကျယ်ပြန်တဲ့ ပဋိပက္ခကြီးကို စတင်စေခဲ့တဲ့ ဟားမတ်စ် တပ်ဖွဲ့တွေက အစ္စရေးနယ်မြေထဲ ဝင်ရောက်တိုက်ခိုက်မှု တနှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားတွေနဲ့ ဆန္ဒပြပွဲတွေ အောက်တိုဘာ ၇ ရက်က အစ္စရေးမှာ ကျင်းပပါတယ်။

ဟားမတ်စ် ဦးဆောင်တဲ့ စစ်သွေးကြွအဖွဲ့တွေက အစ္စရေးနယ်မြေထဲ ရော့ကက်တွေနဲ့ စပစ်တဲ့အချိန်ဖြစ်တဲ့ ဒေသစံတော်ချိန် မနက် ၆ နာရီ ၂၉ မိနစ်မှာ ဂျေရုစလင်နဲ့ အစ္စရေးတောင်ပိုင်းမှာ အခမ်းအနားတွေနဲ့ ဆန္ဒပြပွဲတွေ စတင်ခဲ့ပါတယ်။

ရော့ကက်တွေနဲ့ ပစ်ခတ်အပြီးမှာ ဟားမတ်စ် ဦးဆောင်တဲ့ အဖွဲ့တွေက အစ္စရေးနယ်မြေထဲ ရုတ်တရက် ဝင်ရောက်လာပြီး ပစ်ခတ်သတ်ဖြတ်ခဲ့ကြတဲ့အတွက် လူ ၁,၂၀၀ သေဆုံးခဲ့သလို လူ ၂၅၀ ကိုလည်း ဓားစာခံအဖြစ် ဂါဇာကမ်းမြောင်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုဟာ နှစ်ပေါင်းများစွာကြာမြင့်ပြီဖြစ်တဲ့ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ တလျှောက် အစ္စရေးဘက်က အသေအပျောက်အများဆုံးဖြစ်စဉ် ဖြစ်ခဲ့ပါတယ်။

သေဆုံးသူအများစုဟာ အရပ်သားတွေဖြစ်ပြီး အမျိုးသမီးတွေ၊ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ သူတို့နေအိမ်မှာ၊ လမ်းတွေပေါ်မှာ၊ အသတ်ခံခဲ့ရသလို ဂီတပွဲတော်မှာလည်း လူအများစု သေဆုံးခဲ့ပါတယ်။ ဂါဇာနယ်စပ် စစ်စခန်းက စစ်သားတချို့လည်း သေဆုံးခဲ့ပါတယ်။

ဒီဖြစ်စဉ်ကို အကြောင်းပြပြီး အစ္စရေးက တောက်လျှောက် ထိုးစစ်ဆင်ခဲ့ရာမှာ ဂါဇာကမ်းမြောင် တခုတည်းမှာတင် လူ ၄၂,၀၀၀ သေဆုံးခဲ့ပြီးဖြစ်သလို ဒေသခံ ၂ ဒသမ ၃ သန်းနီးပါး အိုးအိမ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ရပါတယ်။

အစ္စရေးရဲ့ ပြင်းပြင်းထန်ထန် တုံ့ပြန်မှုအပေါ် ကမ္ဘာ့နိုင်ငံအများအပြားက ကန့်ကွက်ဝေဖန်မှုတွေ ရှိနေပေမဲ့လည်း အမေရိကန်ကတော့ အစ္စရေးဘက်က ဆက်လက် ရပ်တည်ပေးထားပါတယ်။

အစ္စရေးဟာ ဟားမတ်စ်တပ်ဖွဲ့ကို အမြစ်ဖြတ်ချေမှုန်းဖို့ ကြိုးစားနေတယ် ဆိုပေမဲ့ တနှစ်ကြာတဲ့အထိ ဓားစာခံ ၁၀၁ ယောက် မလွတ်မြောက်သေးသလို စစ်ပွဲကို လက်စမသတ်နိုင်သေးပါဘူး။

လက်ရှိမှာ အစ္စရေး-ဟားမတ်စ် စစ်ပွဲအဖြစ်ကနေ အိမ်နီးချင်း လက်ဘနွန်မှာရှိတဲ့ ဟစ်ဇ်ဘိုလာ တပ်ဖွဲ့တွေနဲ့ပါ အစ္စရေးက အကြီးအကျယ် တိုက်ပွဲဖြစ်ပွားနေပါတယ်။ ဒါ့အပြင် အစ္စရေး-အီရန် စစ်ပွဲကြီးဖြစ်လာမယ့် အခြေအနေကိုလည်း စိုးရိမ်နေရပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013