ဒိန်းမတ်ရဲတပ်ဖွဲ့ဟာ ကိုပင်ဟေဂင်ရှိ အစ္စရေးသံရုံးအနီး လက်လုပ်ဗုံးဖောက်ခွဲမှုလို့ ယူဆရတဲ့ ပေါက်ကွဲမှု ၂ ကြိမ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးနေပြီး ဆွီဒင်လူငယ် ၃ ယောက်ကို စစ်ဆေးမေးမြန်းဖို့ ဖမ်းဆီးထိန်းသိမ်းထားကြောင်း အောက်တိုဘာ ၂ ရက်မှာ ပြောပါတယ်။
ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားပြီး မကြာခင်မှာပဲ အမျိုးသား ၂ ယောက်ကို ကိုပင်ဟေဂင်ရဲ့ အဓိက မီးရထားဘူတာရုံကြီးက ရထားတစီးပေါ်မှာ ဖမ်းမိခဲ့ပြီး တတိယလူကို ဒိန်းမတ်မြို့တော်ရှိ တခြားတနေရာမှာ ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ကိုပင်ဟေဂင်ရဲချုပ် ယန်စ် ယက်စ်ပါဆန်က သတင်းထောက်တွေကို ပြောပါတယ်။
မနက်အစောပိုင်း ၃ နာရီ ၂၀ မိနစ်လောက်မှာ ပေါက်ကွဲမှု ၂ ခု ဖြစ်ပွားခဲ့ပြီး လက်ပစ်ဗုံး ၂ လုံးနဲ့ ပစ်ဖောက်ခဲ့တာလို့ ပဏာမ အကဲဖြတ်ထားကြောင်းနဲ့ ပေါက်ကွဲမှုကြောင့် သံရုံးမှ မီတာ ၁၀၀ လောက်အကွာရှိ အဆောက်အအုံတခုကို ထိခိုက်မှုတချို့ ရှိခဲ့ကြောင်းလည်း သူက ဆိုပါတယ်။
ဒီပေါက်ကွဲမှုတွေရဲ့ ပစ်မှတ်က သံရုံးက ပစ်မှတ် ဟုတ်၊ မဟုတ် အတိအကျ မပြောနိုင်ကြောင်းနဲ့ သူတို့ဘာသာ တဖွဲ့တည်းလုပ်တာလား ဒါမှမဟုတ် တခြားသူတွေနဲ့ အတူတူလား ဒါမှမဟုတ် တောင်းဆိုချက်ကြောင့်လား ဆိုတာတွေကိုလည်း စုံစမ်းစစ်ဆေးနေပါတယ်လို့ ယက်စ်ပါဆန်က ပြောပါတယ်။
အသက် ၁၅ နှစ်မှ ၂၀ နှစ်ကြားရှိ လူငယ် ၃ ယောက်ဟာ ဒီဖြစ်ရပ်နဲ့ ဘယ်လိုဆက်စပ်နေတယ် ဆိုတာကို ပြောဖို့ ငြင်းဆန်ခဲ့ပေမဲ့ ရဲတပ်ဖွဲ့က သူတို့ထဲက ၂ ယောက်ကို လက်နက် တရားမဝင် လက်ဝယ်ထားရှိမှုနဲ့ ပဏာမစွဲချက်တင်ဖို့ မျှော်လင့်ထားကြောင်းလည်း ဆိုပါတယ်။
အခုနှစ်အတွင်း ဒိန်းမတ်မှာ စီစဉ်အကွက်ချ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး လူသတ်ဖို့ ကြံစည်မှု သို့မဟုတ် လက်နက်ပိုင်ဆိုင်မှုနဲ့အတူ အမုန်းစကားဖြန့်ဝေပျံ့နှံ့စေမှုတွေနဲ့ ပတ်သက်ပြီး အနည်းဆုံး ဆွီဒင်နိုင်ငံသား ၁၀ ယောက်ကို တရားစွဲဆိုထားပါတယ်။
Source-Reuters