ဒိန်းမတ်နိုင်ငံ မြို့တော်ကိုပင်ဟေဂင်ရဲ့ မြောက်ဘက် ဆင်ခြေဖုံးရှိ အစ္စရေးသံရုံးရဲ့ အနီးတဝိုက် ဧရိယာမှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှု ၂ ခုကို စုံစမ်းစစ်ဆေးနေကြောင်း ဒိန်းမတ်ရဲတပ်ဖွဲ့က အောက်တိုဘာ ၂ ရက်မှာ ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရမှု မရှိကြောင်းနဲ့ ပေါက်ကွဲမှုတွေက ဘယ်လောက် ကြီးမားတယ် ဆိုတာကို ပြောဖို့စောလွန်းနေသေးတယ်လို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက အခင်းဖြစ်ပွားရာနေရာမှာ သတင်းထောက်တွေကို ပြောပါတယ်။
ပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး တုန်လှုပ်မိကြောင်း အစ္စရေးသံရုံးက ဖေ့စ်ဘွတ်ခ်ပို့စ်မှာ ထုတ်ဖော်ပြောကြားခဲ့ပေမယ့် စုံစမ်းစစ်ဆေးမှုကို ဒိန်းမတ်ရဲတပ်ဖွဲ့က ကိုင်တွယ်ဖြေရှင်းရာမှာ ယုံကြည်မှုအပြည့်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
သံရုံးအနီးတဝိုက်ရှိ နယ်မြေကို ပိတ်ဆို့ထားပြီး ဒိန်းမတ်စစ်တပ်ရဲ့ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေက စောင့်ကြပ်နေပါတယ်။
တကိုယ်လုံး ဖုံးအုပ်ထားတဲ့ ဝတ်စုံတွေကို ၀တ်ဆင်ထားတဲ့ စုံစမ်းစစ်ဆေးရေးမှူးတွေက အခင်းဖြစ်ပွားရာနေရာကို ပိုက်စိပ်တိုက် သက်သေရှာဖွေနေကြပါတယ်။
အခင်းဖြစ်ပွားရာနေရာနဲ့ နီးကပ်နေတဲ့ သံရုံးအနီးရှိ ဂျူးစာသင်ကျောင်းတကျောင်းကို ပိတ်ထားခဲ့ပါတယ်။ အဲဒီနယ်မြေမှာ တခြားသံရုံးတွေနဲ့ ကောင်စစ်ဝန်ရုံး အများအပြားလည်း တည်ရှိနေတာ ဖြစ်ပါတယ်။
Source-Reuters