လက်ဘနွန်မှာ ဟစ်ဇ်ဘိုလာအဖွဲ့ကို ပစ်မှတ်ထားပြီး ထောင်နဲ့ချီတဲ့ ပေဂျာပေါက်ကွဲမှုတွေ ဖြစ်ပွားအပြီး အဲဒီပစ္စည်းတွေကို ထိုင်ဝမ်လုပ်ငန်းတခုကနေ ထုတ်လုပ်မှုနဲ့ ဆက်နွှယ်နေကြောင်း သတင်းတွေ ထွက်လာပြီးနောက်မှာ အွန်လိုင်းသတင်းအတုတွေကို အာရုံစိုက်ကြဖို့ ထိုင်ဝမ်အစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ လီဟွေးချီက သတိပေးလိုက်ပါတယ်။
အမျိုးသားလုံခြုံရေးတပ်ဖွဲ့တွေဟာ ထိုင်ဝမ်အစိုးရကို အဒီအမှုမှာ မလျော်မကန် ချိတ်ဆက်ဖို့ ကြိုးပမ်းချင်ကြတဲ့ နိုင်ငံရပ်ခြားက အစပြု ပေါက်ဖွားလာတယ်လို့ သံသယရှိစရာ အွန်လိုင်း ကောလာဟလတွေကို စောင့်ကြည့်နေကြကြောင်း စက်တင်ဘာ ၁၉ ရက်က သတင်းထောက်တွေနဲ့ ပြောဆိုခဲ့ပါတယ်။
“ဒီအမှုရဲ့ နောက်ထပ် အချက်အလက်တွေကို ရှာဖွေဖို့က တရားရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုဖြစ်ပြီး သေချာတာကတော့ ထိုင်ဝမ်ကနေ တင်ပို့တဲ့ ပေဂျာတွေဟာ ပေါက်ကွဲမှုမှာ ပြဿနာမရှိဘူး” လို့ လီဟွေးချီက ထပ်လောင်းပြောကြားခဲ့ပါတယ်။
ထိုင်ဝမ်အခြေစိုက် Gold Apollo လုပ်ငန်းက ဒီတိုက်ခိုက်မှုမှာ အသုံးပြုတဲ့ စက်ပစ္စည်းတွေကို မထုတ်လုပ်ခဲ့ကြောင်း ပြောကြားခဲ့ပြီး အဲဒီပစ္စည်းတွေကို သူ့အမှတ်တံဆိပ်ကို အသုံးပြုခွင့် လိုင်စင်ရှိတဲ့ ဘူဒါပတ်စ် အခြေစိုက် ကုမ္ပဏီတခုမှ ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း ပြောပါတယ်။
အီရန် ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့ဟာ လူအသေအပျောက်များခဲ့ရတဲ့ ပေါက်ကွဲမှုတွေအတွက် အစ္စရေးကို လက်တုံ့ပြန်မယ်လို့ ပြောထားပြီး အစ္စရေးကလည်း ဒီဖြစ်ရပ်အတွက် တာဝန်ရှိကြောင်း ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။
ဂါဇာကမ်းမြောင်ဒေသမှာ ပြီးခဲ့တဲ့ အောက်တိုဘာလက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနောက်ပိုင်း နှစ်ဖက်စလုံးက နယ်စပ်ဖြတ်ကျော် စစ်ပွဲတွေ ဆင်နွှဲနေကြပါတယ်။
Source-Reuters