ထိုင်ဝမ်ကို အမေရိကန်ပြည်ထောင်စုက လက်နက်ရောင်းချမှုတွေကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ပြီး အဲဒါတွေကို ချက်ချင်း ရုပ်သိမ်းပေးဖို့ ဝါရှင်တန်ကို တိုက်တွန်းခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၈ ရက်က ပြောပါတယ်။
အမေရိကန်ဟာ ထိုင်ဝမ်ကို လက်နက်တွေ ဆက်တပ်ဆင်နေတာတွေကို ချက်ချင်းရပ်တန့်ဖို့နဲ့ ထိုင်ဝမ်လွတ်လပ်ရေးကို ဇွတ်အတင်း လိုက်လံကြိုးပမ်း ထောက်ခံအားပေးနေတာကို ရပ်တန့်ဖို့၊ ထိုင်ဝမ်ရေလက်ကြားမှာ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေတာတွေကို ရပ်တန့်ဖို့တွေကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်းကျန်းက ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ထိုင်ဝမ်ကျွန်းကို လက်နက်ရောင်းချမှု ရပ်ဆိုင်းဖို့ အမေရိကန်အပေါ် ထပ်လောင်းဖိအားပေးတဲ့ နောက်ဆုံး လုပ်ဆောင်မှုအနေနဲ့ အဲဒီနေ့အစောပိုင်းမှာပဲ အမေရိကန် စစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ ကုမ္ပဏီ ၉ ခုကို အရေးယူမယ့် လုပ်ငန်းစဉ်တွေကို တရုတ်ကကြေညာကာ နိုင်ငံတွင်းက သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်လိုက်ပါတယ်။
ဒါဟာ ထိုင်ဝမ်အတွက် စစ်ရေးရောင်းချမှု အစီအစဉ်သစ်ကို အမေရိကန်အစိုးရက အတည်ပြုပြီးနောက်မှာ တန်ပြန်အရေးယူမှုတွေ ထွက်ပေါ်လာတာပါ။
ဆီအဲရားနဲဗားဒါး ကော်ပိုရေးရှင်း၊ စတစ်ခ်ရဒ်ဒါအင်တာပရိုက်စ်နဲ့ ကူးဘစ်ကော်ပိုရေးရှင်းတို့ အပါအဝင် ပစ်မှတ်ထားခံရတဲ့ လုပ်ငန်းတွေဟာ တရုတ်နိုင်ငံအတွင်းရှိ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေနဲ့ တခြားပိုင်ဆိုင်မှု အမျိုးအစားတွေကို ခေတ္တရပ်ဆိုင်းသွားမှာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံရှိ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေကိုလည်း သူတို့တွေနဲ့ အရောင်းအဝယ်ပြုလုပ်တာနဲ့ ပူးပေါင်းဆောင်ရွက်တာတွေကို တားမြစ်ထားပါတယ်။
ဒီတန်ပြန်အရေးယူမှုတွေဟာ ဗုဒ္ဓဟူးနေ့မှာ စတင်သက်ရောက် အကျုံးဝင်ပြီ ဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတာပါ။
ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်အတွက် အရေးပါတဲ့ နိုင်ငံတကာ ကျောထောက်နောက်ခံနဲ့ လက်နက် ထောက်ပံ့သူဖြစ်တဲ့ အိမ်ဖြူတော်ကို ထိုင်ဝမ်ကျွန်းရဲ့ ခေါင်းဆောင်ပိုင်းဖြစ်တဲ့ လိုင်ချင်းတယ်နဲ့ DPP အာဏာပိုင်တွေကို တရားဝင်ဆက်ဆံခြင်းမှ ရှောင်ကြဉ်ဖို့လည်း တရုတ်နိုင်ငံက အကြိမ်ကြိမ်တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
Source-Reuters