Home
မြန်မာသတင်း
Airbus ကုမ္ပဏီက တရုတ်ကုမ္ပဏီနှင့်ပူးပေါင်းပြီး စစ်အုပ်စုကို လက်နက်များထောက်ပံ့နေ
DVB
·
September 18, 2024
Photo: Justice For Myanmar

ပြင်သစ်လေကြောင်းအာကာသကုမ္ပဏီကြီး Airbus ရဲ့ ရင်းနှီးမြှုပ်နှံသူနဲ့ မိတ်ဖက်ကုမ္ပဏီဖြစ်တဲ့  Aviation Industry Corporation of China (AVIC) က မြန်မာစစ်အုပ်စုကို လက်နက်တွေ ထောက်ပံ့ပေးနေမှုအပေါ် ရပ်တန့်ပေးဖို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာနေတဲ့ Justice For Myanmar နဲ့ Info Birmanie တို့က တောင်းဆိုလိုက်ပါတယ်။

AVIC ဟာ မြန်မာစစ်အုပ်စုက နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်ရာမှာ အသုံးပြုတဲ့ စစ်လေယာဉ်နဲ့ စစ်လက်နက်ပစ္စည်းတွေ အဓိကရောင်းချပေးတဲ့ကုမ္ပဏီ ဖြစ်ပြီး AVIC ဆီက စစ်လေယာဉ်တွေနဲ့ လေယာဉ် ထိန်းသိမ်းပြုပြင်မွမ်းမံရေးဆိုင်ရာ နည်းပညာ အကူအညီတွေ ရရှိနေမှုကြောင့် စစ်အုပ်စုဟာ ရက်စက်ကြမ်းကြုတ်မှုကြီးတွေကို အပြစ်ပေး အရေးယူခံရခြင်း ကင်းလွတ်စွာ ဆက်လက် ကျူးလွန်နိုင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

Justice For Myanmar အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “Airbus ကုမ္ပဏီက အကြမ်းဖက်မြန်မာစစ်အုပ်စုနဲ့ AVIC တို့ရဲ့ မသမာတဲ့ စီးပွားရေးလုပ်ငန်းတွေကို မမြင်ချင်ယောင်ဆောင်နေခဲ့တာ ကြာပါပြီ။ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေတွေကို ကုလသမဂ္ဂက သေချာစောင့်ကြည့် မှတ်တမ်းတင်တာတွေ၊ အစီရင်ခံစာ ထုတ်ပြန်တာတွေ ရှိနေတာဖြစ်တဲ့အတွက် Airbus အနေနဲ့ သူတို့ရဲ့အဓိက စီးပွားရေးမိတ်ဖက် AVIC က မြန်မာစစ်အုပ်စုကို လေယာဉ်တွေ၊ စစ်လက်နက်တွေ၊ နည်းပညာဆိုင်ရာ ပြုပြင်ထိန်းသိမ်းရေး ဝန်ဆောင်မှုတွေ ရောင်းပေးပြီး ထောက်ပံ့နေတယ်ဆိုတာ သိကို သိရမှာ ဖြစ်ပါတယ်။ Airbus နဲ့ သူ့ရဲ့ ရှယ်ယာရှင်အစိုးရတွေအနေနဲ့ AVIC ကနေ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တဲ့ မြန်မာစစ်အုပ်စုကို စစ်လက်နက် စီးဆင်းနေတာ မဖြစ်မနေ ရပ်တန့်ရမှာဖြစ်ပါတယ်၊ ဒါမှမဟုတ်ရင်တော့ Airbus ကို AVIC နဲ့ စီးပွားရေးအား ရပ်တန့်စေရမှာ ဖြစ်ပါတယ်။ စပိန်၊ ဂျာမဏီနဲ့ ပြင်သစ်က ဒီလို ရင်းနှီးမြှုပ်နှံမှုတွေနဲ့ စစ်အုပ်စု တည်မြဲအောင် လုပ်နေမှတော့ သူတို့က မြန်မာစစ်အုပ်စုကို အပြစ်တင်ရှုတ်ချတာတွေကို ဘယ်လိုလုပ် အတည်ယူလို့ရမှာလဲ”လို့ ပြောပါတယ်။

မြန်မာစစ်အုပ်စုက နိုင်ငံတကာလူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဥပဒေတွေကို အကြိမ်ကြိမ် ချိုးဖောက်ကျူးလွန်နေတဲ့ အခြေအနေမှာ Airbus အနေနဲ့ AVIC နဲ့ ပူးပေါင်းဆောင်ရွက်နေပြီး AVIC ရဲ့ စီးပွားရေးလုပ်ငန်းတွေက အဆိုပါ ချိုးဖောက်မှုတွေကို ကူညီပံပိုးနေတာကို ဧကန်မုချ သိရှိမှာဖြစ်ပြီး လက်ရှိအချိန်ထိ ဟောင်ကောင်မှာ ကုမ္ပဏီ မှတ်ပုံတင်ထားတဲ့ AviChina Industry & Technology Company Limited ကတဆင့် AVIC ရဲ့ လုပ်ငန်းခွဲတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လက်ထားရှိဆဲဖြစ်တယ်လို့ ဆိုပါတယ်။

Airbus ကုမ္ပဏီရဲ့ အဓိကရှယ်ယာရှင် သုံးဦးဖြစ်တဲ့ စပိန်၊ ဂျာမဏီနဲ့ ပြင်သစ်အစိုးရတွေက မြန်မာစစ်အုပ်စု ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အကြိမ်ကြိမ်ရှုတ်ချခဲ့ပေမဲ့ Airbus ရဲ့ ခုလိုပူးပေါင်းမှုတွေက အဆိုပါ ရှုတ်ချမှုတွေနဲ့ ဆန့်ကျင်ရုံသာသာမက အဲဒီရပ်တည်ချက်တွေအပေါ် ဆိုးရွားစွာ ထိခိုက်စေတယ်လို့လည်း Justice for Myanmar အဖွဲ့က ထောက်ပြထားပါတယ်။

အခုနှစ် ဧပြီလတုန်းကလည်း ကုလသမဂ္ဂအထူးကိုယ်စားလှယ်က စစ်အုပ်စုဟာ သူတို့ရဲ့ အကြမ်းဖက် စစ်ဆင်ရေးအတွက် လေကြောင်းတိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်လာကြောင်း ထပ်မံထောက်ပြခဲ့သလို Armed Conflict Location & Event Data Project က စုဆောင်းထားတဲ့ အချက်အလက်တွေကို ကိုးကားပြီးတော့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာကနေ ၂၀၂၄ ခုနှစ်၊ မတ်လအကြား အရပ်သားပြည်သူ ပစ်မှတ်တွေအပေါ် လေကြောင်းတိုက်ခိုက်မှု ပျှမ်းမျှအားဖြင့် အကြိမ် ၅၀ ရှိခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်၊ ပထမ ဆယ်လအတွင်း ပျှမ်းမျှလေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်နဲ့ယှဉ်ပြီးတော့ ပြောကြားခဲ့တာပါ။

ဒါကြောင့်မို့ Airbus အနေနဲ့ AVIC နဲ့ သူတို့ရဲ့ ကုမ္ပဏီခွဲတွေအပေါ် ဩဇာလွှမ်းမိုးနိုင်စွမ်းကို အသုံးပြုပြီးတော့ မြန်မာစစ်အုပ်စုဆီ စစ်လေယာဉ်၊ စစ်လက်နက်နဲ့ ဆက်စပ်ပစ္စည်း လွှဲပြောင်းပေးပို့နေမှုတွေ၊ စီစဉ်ထားမှုအားလုံးကို ရပ်ဆိုင်းဖို့၊  မြန်မာ့လေတပ် လေယာဉ်အုပ်ရှိ လေယာဉ်တွေအတွက် လက်ရှိ လုပ်ဆောင်ပေးနေတဲ့၊ ဒါမှမဟုတ် ကတိပြုထားတဲ့ ပြုပြင်ထိန်းသိမ်းရေး၊ လေ့ကျင့်သင်ကြားရေးနဲ့ နည်းပညာပံ့ပိုးမှုမှန်သမျှ ရပ်တန့်ဖို့ လုပ်ဆောင်ပေးဖို့ Justice For Myanmar နဲ့ Info Birmanie တို့က တောင်းဆိုထားပါတယ်။

Info Birmanie အဖွဲ့ရဲ့ ညှိနှိုင်းရေးမှူးဖြစ်သူ ဂျိုဟန်နာချာဒွန်နီးယက်ကလည်း “စီးပွားရေးလုပ်ငန်းတွေ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရေးအတွက် ပြင်သစ်နိုင်ငံ၊ ဥရောပသမဂ္ဂနဲ့ နိုင်ငံတကာအဆင့်တွေမှာ နည်းလမ်းပေါင်းများစွာ ထားရှိကျင့်သုံးပြီး ဖြစ်ပါတယ်။ အခု စုံစမ်းလေ့လာမှုက မြန်မာ့ပဋိပက္ခအရေးမှာ Airbus က အဲဒီနည်းလမ်းတွေကို လိုက်နာနိုင်မှုနဲ့ ပတ်သက်ပြီး စိုးရိမ်ဖွယ်သံသယတွေကို ဖြစ်စေခဲ့ပါတယ်။ Airbus ကုမ္ပဏီက ကာကွယ်ရေးကဏ္ဍမှာ လုပ်ကိုင်တဲ့အတွက်ကြောင့်ရော၊ သူ့ရဲ့ အမြဲတမ်း ရှယ်ယာရှင်တွေက အစိုးရတွေဖြစ်တဲ့ အတွက်ကြောင့်ရော သာမန်ကုမ္ပဏီတစ်ခု မဟုတ်ဘူးလို့ ပြောရပါမယ်။ ပြင်သစ်၊ စပိန်နဲ့ ဂျာမဏီအစိုးရတွေအနေနဲ့ Airbus ကုမ္ပဏီရဲ့ မိတ်ဖက်နဲ့ ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီတွေဟာ စစ်ရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက်နေတယ်ဆိုရင် အရေးယူဆောင်ရွက်ဖို့ တာဝန်နဲ့ ဝတ္တရားရှိနေပါတယ်။ ပြင်သစ်၊ စပိန်နဲ့ ဂျာမဏီအစိုးရတွေဟာ ဥရောပသမဂ္ဂနဲ့အတူတူ မြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုကြီးတွေကို ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။ ဒီနေ့အချိန်ခါမှာတော့ အဲဒီအစိုးရတွေအနေနဲ့ သူတို့ရဲ့ ထုတ်ပြန်ချက်တွေ၊ တန်ဖိုးတွေနှင့် ဒဏ်ခတ် ပိတ်ဆို့မှုတွေအတိုင်း အရေးယူဆောင်ရွက်နိုင်တဲ့ အရည်အချင်းရှိတယ်ဆိုတာကို ပြသဖို့ အခွင့်အရေး ရှိနေပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် Airbus  ရှယ်ယာရှင်တွေဖြစ်တဲ့ ပြင်သစ်၊ စပိန်နဲ့ ဂျာမဏီအစိုးရတွေကိုလည်း Airbus ကုမ္ပဏီကို တင်ကြိုစိစစ်မှုတွေ တိုးမြှင့်လုပ်ဆောင်စေတာ၊ မြန်မာစစ်အုပ်စုနဲ့ AVIC ရဲ့ စီးပွားရေးနဲ့ စပ်လျဉ်းပြီး မိမိတို့၏ ဩဇာလွှမ်းမိုးနိုင်မှုကို အသုံးပြုစေခြင်းနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးတာဝန် ဝတ္တရားတွေနဲ့အညီ ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

Photo: Justice For Myanmar

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013