Home
ဆောင်းပါး
အကြမ်းဖက် မင်းအောင်လှိုင်နှင့် အကြမ်းဖက် တရုတ်
DVB
·
September 15, 2024

စစ်ကောင်စီတပ်က ဂျီနီဗာကွန်ဗင်းရှင်းနဲ့အညီ ဆောင်ရွက်နေကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC) ဥက္ကဋ္ဌကို  မင်းအောင်လှိုင်က ပြောကြားနေတဲ့ စက်တင်ဘာ ၉ ရက်မှာ လားရှိုးမြို့ပေါ်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ ၁၂ ဦး ဒဏ်ရာရခဲ့တာဟာ ဘာပြောပြော မယုံရတဲ့ မင်းအောင်လှိုင် ဖြစ်ကြောင်း ထပ်လောင်း ဖော်ပြလိုက်ခြင်းပါပဲ။

စက်တင်ဘာ ၁၉ ရက်၊ မနက်က နေပြည်တော်မှာ ICRC ဥက္ကဋ္ဌနဲ့  မင်းအောင်လှိုင်တို့ တွေ့ကြတယ်။ တွေ့ကြတဲ့ အချိန်အတိအကျကို မသိရပေမဲ့ လားရှိုးမြို့ပေါ် လေကြောင်းတိုက်ခိုက်မှုကို စက်တင်ဘာ ၉ ရက်၊ မနက် ၁၀ နာရီ ၂၃ မိနစ်နဲ့ ၁၀ နာရီခွဲတို့မှာ ပြုလုပ်ခဲ့တာကြောင့် ဂျီနီဗာကွန်ဗားရှင်းအကြောင်း မင်းအောင်လှိုင် အတည်ပေါက်ပြောနေတဲ့အချိန်မှာ ဗုံးကြဲလိုက်တာလည်း ဖြစ်နိုင်တယ်။ အချိန်ကိုက် ဗုံးကြဲခိုင်းလိုက်တာများလားလို့ ထပ်တွေးကြည့်ရင်လည်း အပြစ်ရှာလွန်းရာမကျပါဘူး။ ဘာကြောင့်လဲဆိုတော့ မင်းအောင်လှိုင် ဆိုတာ မလုပ်ရဲတာ ဘာမှမရှိလို့ပါပဲ။

ဂျီနီဗာကွန်ဗင်းရှင်းက တိုက်ပွဲနဲ့မပတ်သက်တဲ့ အရပ်သားတွေ၊ ဆေးဝန်ထမ်းတွေ၊ ကယ်ဆယ်ရေးလုပ်သားတွေတင်မက တိုက်ပွဲမှာ ဒဏ်ရာရတဲ့ ဘယ်တပ်ဖွဲ့ဝင်မဆိုကိုပါ အကာအကွယ်ပေးထားပေမဲ့ မင်းအောင်လှိုင်ရဲ့ ဂီလာနတပ်တွေကတော့ အရပ်သားတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုအပေါ် ဗြောင်ကျကျ လုပ် ဆောင်နေတာ အားလုံးမျက်မြင်ပါပဲ။

အခုစက်တင်ဘာလအတွင်းမှာကို ဂီလာနတပ်က ပြည်သူအပေါ် ပစ်မှတ်ထားတဲ့ လေကြောင်းတိုက် ခိုက်မှုတွေကို ဆက်တိုက်ကျူးလွန်နေတာ တွေ့ရပါတယ်။ စက်တင်ဘာ ၅ ရက်၊ ည ၉ နာရီကျော်မှာ ရှမ်း-ကရင်နီ နယ်စပ်က ဘန်ကောက်စစ်ရှောင်စခန်းကို လေကြောင်းကနေ ဗုံးကြဲခဲ့ရာမှာ စစ်ရှောင်ပြည်သူ ၁၀ ဦးသေဆုံးခဲ့တယ်။

စက်တင်ဘာ ၆ ရက်၊ သန်းခေါင်ယံမှာလည်း TNLAအုပ်ချုပ်နေတဲ့ နမ့်ခမ်းမြို့ကို ဗုံးကြဲချလို့ ပြည်သူ ၁၁ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာခဲ့တယ်။ စက်တင်ဘာ ၆ ရက်၊ နေ့ခင်းဘက် မြိုင်မြို့နယ်၊ လက်ယက်မရွာကြီးကို ဗုံးကြဲချတာ ပြည်သူ ၆ ဦး သေဆုံးခဲ့ရတယ်။ စက်တင်ဘာ ၈ ရက်နဲ့ ၉ ရက်တွေမှာ လားရှိုးမြို့ပေါ် ဗုံးကြဲလို့ ၁၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၈ ရက်ညက ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ထဲက စစ်သုံ့ပန်းနဲ့ အကျဉ်းသားတွေထားတဲ့နေရာကို ဗုံးကြဲချရာမှာ စစ်သုံ့ပန်း အရာရှိကြီး တချို့အပါ ၁၇ ဦး သေဆုံးခဲ့သလို စက်တင်ဘာ ၉ ရက်၊ ည ၉ နာရီခွဲ၊ မောင်တောမြို့နယ်၊ လေးမိုင်စခန်းကို ဗုံးကြဲချရာမှာ မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းမိခဲ့တဲ့ စစ်သုံ့ပန်းတွေ အပါအဝင် လူ ၅၀ ကျော် ပွဲချင်းပြီးသေဆုံးခဲ့ရကာ ပြီးတော့ စက်တင်ဘာလအတွင်းမှာပဲ မြင်းခြံခရိုင်အတွင်း ဗုံးကြဲတိုက်ခိုက်မှုတွေက ဆက်တိုက်လုပ်ဆောင်ခဲ့ပါသေးတယ်။

အခုနောက်ပိုင်း ဂီလာနတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကိုကြည့်လိုက်တော့ လူတွေ သတိမထားမိတဲ့အချိန် ဒါမှမဟုတ် အိမ်မောကျနေတဲ့ ညအချိန်တွေမှာ ဗုံးပိုကြဲတာ တွေ့ရတယ်။ သတင်းတချို့ရဲ့ ဖော်ပြချက်အရ စစ်တပ်မှာ လက်ရှိသုံးနေတဲ့ မော်ဒယ်မြင့်ဂျက်ဖိုက်တာတွေဟာ ပစ်ချင်တဲ့နေရာကို ကွန်ပျူတာထဲ ရိုက်သွင်းလိုက်ရုံနဲ့ ပစ်ချင်တဲ့နေရာရဲ့ အနီးဆုံးကို ဗုံးကြဲချနိုင်ပြီး အဲဒီဂျက်ဖိုက်တာတွေမှာ night vision လည်း ပါတာကြောင့် ညမှောင်နေပေမဲ့ မြေပြင်ပစ်မှတ်က လူ၊ အဆောက်အအုံနဲ့ သွားလာလှုပ်ရှားနေမှုတွေကို မြင်နေရတယ်လို့ ဆိုတယ်။ ဒါ့ကြောင့် ဂျက်ဖိုက်တာနဲ့ ဗုံးကြဲမှုတွေဟာ မှန်းပစ်ရမ်းပစ်မဟုတ်ဘဲ အရပ်သား ပစ်မှတ်တွေကို အရပ်သားတွေမှန်း သိလျက် သတ်ဖြတ်နေသလို ညအချိန် ဗုံးကြဲခြင်းဟာ ပြည်သူများများ သေစေလိုတာကြောင့်ဖြစ်ကြောင်း ပေါ်လွင်နေပါတယ်။

လတ်တလော အဖြစ်အပျက်တွေကို ဆက်စပ်ကြည့်လိုက်ရင် စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို ထောက်ခံကြောင်းနဲ့ စစ်ကောင်စီရွေးကောက်ပွဲအတွက် လိုအပ်တဲ့ အကူအညီပေးမယ်လို့ ပြောကြားခဲ့တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ ဩဂုတ် ၁၄ ရက် နေပြည်တော်ခရီးစဉ် နောက်ပိုင်း ဗုံးကြဲအကြမ်းဖက် ပြည်သူသတ်အလုပ်ကို စစ်ကောင်စီက ပိုအားထုတ်လာတာ တွေ့ရတယ်။

တရုတ်ဟာ တိုက်ပွဲတွေကြောင့် တိမ်းရှောင်ခဲ့တဲ့ မြန်မာပြည်သူတဦးကိုမျှ တရုတ်မြေပေါ် ခြေချခွင့် မပေးခဲ့သလို ငါးပြားတစ်စေ့တောင် ထောက်ပို့မှုမရှိပေမဲ့ ဩဂုတ် ၁၆ ရက်၊ ထိုင်းမှာ ပြုလုပ်တဲ့ ထိုင်း၊ မြန်မာ၊ လာအို၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အလွတ်သဘော တွေ့ဆုံပွဲမှာတော့ မြန်မာပြည်သူတွေ ခန့်အပ်ထားတဲ့ ပုဂ္ဂိုလ်ကြီးပမာ  မြန်မာအရေး ကျော်လွန်လို့မရတဲ့ စည်း ၃ ချက် ရှိတယ်လို့ အတည်ပေါက် ရွတ်ပြခဲ့တယ်။ ဝမ်ယိရဲ့ ပထမစည်းက မြန်မာမှာ ပြည်တွင်းစစ်ဖြစ်ပွားလို့ မရဘူးလို့ ဆိုတယ်။

တရုတ်စည်း ၃ ချက် ထွက်ပေါ်လာပြီးမကြာခင် ဩဂုတ်လကုန်ပိုင်းမှာ TNLA ကို တိုက်ပွဲတွေ ချက်ချင်းရပ်ဖို့နဲ့ မလိုက်နာရင် ဆုံးမသွန်သင်သွားမယ်လို့ တရုတ်က ပေးပို့တယ်ဆိုတဲ့ ခြိမ်းခြောက်စာ ထွက်ပေါ်ခဲ့တယ်။ တဆက်တည်းမှာပဲ စစ်ကောင်စီကို တိုက်နေတဲ့ ကချင် KIA နဲ့ ကိုးကန့် MNDAA အပြင် ‘ဝ’ UWSA ကိုပါ လက်နက်ခဲယမ်းထောက်ပံ့နေတယ်ဆိုပြီး  ပြင်းထန်တဲ့ ဖိအားပေးမှုတွေ တရုတ် လုပ်လာခဲ့တယ်။

တရုတ်က နယ်စပ်တလျှောက်မှာ အပစ်ရပ်၊ ဘယ်လိုအကြောင်းကြောင့်ဖြစ်ဖြစ် တိုက်ပွဲဖြစ်ရင် တိုင်းရင်းသားလက်နက်ကိုင်တို့ တာဝန်၊NUG နဲ့ မပတ်သက်နဲ့၊ စစ်ကောင်စီနဲ့ မဖြစ်မနေ ဆွေးနွေးလို့ ဆိုသလို TNLA၊ MNDAAနဲ့ UWSA ထိန်းချုပ်နယ်မြေတလျှောက်က တရုတ်နယ်စပ်ဂိတ်တွေကို ပိတ်ကာ တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေဆီ အစားအသောက်၊ ဆေးဝါး၊ လူသုံးကုန် စတာတွေ မဝင်အောင် ဖြတ်တောက်ပစ်ခဲ့တယ်။

တရုတ်က တိုင်းရင်းသားလက်နက်ကိုင်တွေကို အဲဒီလို ခြိမ်းခြောက် လည်မျိုညှစ်နေတဲ့အချိန်မှာ စစ်ကောင်စီက ညီနောင် ၃ ဖွဲ့ကို အကြမ်းဖက်အဖွဲ့တွေအဖြစ် စက်တင်ဘာ ၂ ရက်မှာ ကြေညာခဲ့သလို ညီနောင် ၃ ဖွဲ့ ထိန်းချုပ်မြို့တွေက အရပ်သားပစ်မှတ်တွေကို ဂီလာနတပ်က လေကြောင်းတိုက်ခိုက်မှုတွေ အစွမ်းကုန်ပြု လုပ်လာပါတယ်။ အဲဒီလို တိုက်ခိုက်မှုတွေကိုတော့ တရုတ်ဘက်က တစုံတရာ ကန့်ကွက်တယ်ဆိုတာမျိုး ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။

ဆိုတော့ ဝမ်ယိ ပြောတဲ့ ပထမစည်း၊ မြန်မာမှာ ပြည်တွင်းစစ် ဖြစ်လို့မရဘူး ဆိုတာကို တရုတ်က အမှန်တကယ် ဖော်ဆောင်လာတာ တွေ့ရတယ်။ တရုတ်ရဲ့ ဖော်ဆောင်နည်းက မြန်မာနိုင်ငံတွင်း စစ်ပွဲတွေ ဖြစ်ပွားနေခြင်းရဲ့ အဓိကလက်သည် စစ်ကောင်စီဘက်က ရပ်ကာ တော်လှန်ရေးအင်အားစုတွေကို ကြိမ်မောင်း မာန်မဲဖိ အားပေးနေခြင်းပါပဲ။ ဒါ့အပြင် တရုတ်က TNLA၊ MNDAAနဲ့ KIA တို့ကို ချုပ်ထားပေးပြီး “မင်းအောင်လှိုင် မင်းစိတ်ကြိုက်သာထိုး”လို့ ပြောနေသလိုပါပဲ။

ဂိလာနတပ်က အရပ်သားပစ်မှတ်တွေကို အကြောင်းမဲ့ ဗုံးကြဲနေတာဟာ တရားမျှတမှုရှိတဲ့ တိုက်ခိုက်မှုဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေက စစ်ကောင်စီ လာတိုက်လို့ ပြန်တိုက်သည့်တိုင် စစ်မီးမွှေးနေသူတွေဖြစ်ကြောင်း တရုတ်က ခံယူပုံလည်း ရပါတယ်။

မြန်မာ့အရေး တရုတ်ရဲ့ နောက်ဆုံးထုတ် ဆေးမြီးတိုက တရုတ်နယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တွေကို တိုက်ပွဲရပ်အောင် ဖိအားပေး၊ PDF တွေနဲ့ အဆက်ဖြတ်ခိုင်း။ အဲဒီလိုနည်းနဲ့ မြန်မာပြည်တွင်း သေနတ်သံတွေကို လျှော့ချကာ တဖက်မှာလည်း စစ်ကောင်စီ ရွေးကောက်ပွဲ ဖြစ်မြောက်ရေးနဲ့ အာဆီယံက အဲဒီရွေးကောက်ပွဲအပေါ် အသိအမှတ်ပြုရလေအောင် ပရိုမိုးရှင်းလုပ်ခြင်းပါပဲ။

တရုတ်ရဲ့ မြန်မာ့အရေး အဆုံးသတ်ရည်မှန်းချက်က ၂၀၂၅ ရွေးကောက်ပွဲကနေတဆင့် စစ်ကောင်စီ အာဏာပြန်ရရေးလို့ ဆိုရပါမယ်။ ၂၀၁၀ ရွေးကောက်ပွဲအပြီးမှာ အာဏာသိမ်းစစ်ဗိုလ်ချုပ်တချို့ ခေါင်းပေါင်းစွပ်ကာ ရွေးကောက်ခံအစိုးရတရပ်အသွင် ပြန်လည်ပုံဖော်ခဲ့သလိုမျိုး မင်းအောင်လှိုင်တင်မက တရုတ်ကပါ ရောယောင်အိပ်မက်မက်နေပုံပါပဲ။

နိုင်ငံကြီးတနိုင်ငံရဲ့ ဂုဏ်သိက္ခာ ဆိုတာ ဘာပါလိမ့်လို့ မေးရင် အကျိုးစီးပွားလို့ပဲ တရုတ်က သူ နားလည်သလို ဖြေဦးမှာ သေချာပါတယ်။

ထွန်းလင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024