မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်မှုနဲ့ တရုတ်-မြန်မာ ဆက်ဆံရေးကို သွေးခွဲလိုတဲ့ တရုတ်နိုင်ငံအား အကြောင်းမဲ့ ပြစ်တင်တဲ့ ပြောဆိုလုပ်ဆောင်မှုတွေကို ဆန့်ကျင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ပြောကြားလိုက်ပါတယ်။
တချို့မီဒီယာတွေနဲ့ ပုဂ္ဂိုလ်တွေက တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံ ပြည်တွင်းရေးကို စွက်ဖက်နေတယ်လို့ ပြစ်တင်ပြောဆိုမှုတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ပြောခွင့်ရပုဂ္ဂိုလ်က သဘောထားထုတ်ပြန်ပြောကြားလိုက်တာပါ။
တရုတ်နိုင်ငံအနေနဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်တာကို ခိုင်မာစွာကိုင်စွဲထားပြီး မြန်မာပြည်သူက ပိုင်ဆိုင်ပြီး မြန်မာပြည်သူက ဦးဆောင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လိုက်နာတယ်၊ မြန်မာနိုင်ငံမှာ မတည်မငြိမ်ဖြစ်မှု၊ စစ်ပွဲဖြစ်ပွားနေမှုကို ဆန့်ကျင်တယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ချစ်ကြည်ရေးမူဝါဒစဟာ မြန်မာပြည်သူတရပ်လုံးကို မျက်နှာမူတယ်။ မြန်မာနိုင်ငံ သက်ဆိုင်ရာဘက်အသီးသီးက ဆောလျင်စွာ အပစ်အခတ်ရပ်စဲကာ ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ သဘောထားကွဲလွဲမှုတွေကို ဖြေရှင်းကာ မြန်မာနိုင်ငံမြောက်ပိုင်းနဲ့ မြန်မာနိုင်ငံအခြေအနေ ပြန်လည်တည်ငြိမ် အရှိန်လျော့လာရေးကို ဖော်ဆောင်သွားဖို့ မျှော်လင့်ပါတယ်။ တရုတ်နိုင်ငံက ဒီအတွက် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်သွားဖို့ ဆန္ဒရှိတယ်လို့ တရုတ်သံရုံး ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။
တရုတ်နိုင်ငံဟာ မြန်မာပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ဘူးလို့ ပြောနေပေမဲ့ မကြာသေးခင်ကပဲ TNLA အနေနဲ့ တိုက်ပွဲတွေ ချက်ချင်းမရပ်ဘူးဆိုရင် တရုတ်က ကြောက်ရွံ့ကျိုးနွံသွားအောင် ဆုံးမသွန်သင်ခြင်းနည်းလမ်းတွေကို ပိုမိုလုပ်ဆောင်သွားမှာဖြစ်ပြီး ဖြစ်ပေါ်လာတဲ့ အကျိုးဆက်အားလုံးကို TNLA က တာဝန်ယူရမယ်လို့လည်း ခြိမ်းခြောက်စာပေးဖို့ခဲ့တာ ဖြစ်ပါတယ်။
တဖက်မှာလည်း မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ အာဏာသိမ်းမှုနဲ့ အရပ်သားပြည်သူတွေအပေါ် ဖမ်းဆီးသတ်ဖြတ်၊ လေကြောင်းကနေ ဗုံးကြဲသတ်ဖြစ်နေတဲ့အပေါ် ဝေဖန်ခြင်းမရှိသလို အာဏာသိမ်း စစ်ကောင်စီကို အစိုးရတရပ်သဖွယ် အသိအမှတ်ပြု ထိတွေ့ဆက်ဆံရုံတင်မက ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာလည်း မြန်မာ့အရေး ဆုံးဖြတ်ချက်တွေကို လိုက်လံ တားဆီး ပိတ်ပင်နေတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံအနေနဲ့ မြန်မာပြည်သူတွေနဲ့ ဆန္ဒနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ရပ်တည်ထောက်ခံ ကူညီပေးနေတာအပြင် စစ်ကောင်စီအပေါ် တရားဝင်မှုအတွက် အကာအကွယ်ပေး ရပ်တည်မှုအားလုံးကို မြန်မာပြည်သူအားလုံးက ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) က ထုတ်ပြန်ထားပါတယ်။
မြန်မာပြည်သူအပေါင်းတို့ရဲ့ လွတ်လပ်ခွင့်၊ တရားမျှတမှုနဲ့ ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်ရေးအတွက် ဆင်နွှဲတိုက်ပွဲဝင်နေတဲ့ အရေးတော်ပုံကြီးကို နှောင့်နှေး အားနည်းစေဖို့ ကြိုးပမ်းတဲ့ ဘယ်လို လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ နိုင်ငံတကာအစိုးရကိုမဆို ပြတ်ပြတ်သားသား ဆန့်ကျင် ကန့်ကွက်ကြောင်းလည်း သပိတ်အင်အားစုက အသိပေးထုတ်ပြန်ထားပါတယ်။