Home
နိုင်ငံတကာ
ပစိဖိတ်သမုဒ္ဒရာတွင် တရုတ်နှင့် ရုရှား ပူးတွဲ စစ်ရေးလေ့ကျင့်မည်
DVB
·
September 11, 2024
Photo - Russian Defence Ministry/Handout via REUTERS

ရုရှားစစ်တပ်ဟာ ဒီလနှောင်းပိုင်းမှာ တရုတ်စစ်တပ်က စီစဉ်တဲ့ ရေတပ်နဲ့ လေတပ်တွေကို ဂျပန်ပင်လယ်ပြင်နဲ့ အာ့ခ်ဟို့စ်ခ် ပင်လယ်ပြင်တို့က ရေနဲ့ လေပိုင်နက်အတွင်း ပါဝင်စစ်ရေးလေ့ကျင့်ဖို့ ရေတပ်နဲ့ လေတပ်ကို ရုရှားစစ်တပ်က စေလွှတ်မယ်လို့ တရုတ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

‘Northern/Interaction-2024’ လို့ နာမည်ပေးထားတဲ့ ဒီစစ်ရေးလေ့ကျင့်မှုဟာ တရုတ်နဲ့ ရုရှား နှစ်ဖက်ကြား မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုကို နက်နက်ရှိုင်းရှိုင်း မြှင့်တင်ဖို့နဲ့ လုံခြုံရေး ခြိမ်းခြောက်မှုတွေကို တုံ့ပြန်နိုင်စွမ်း အားကောင်းစေဖို့ ရည်ရွယ်တယ်လို့လည်း ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုကို နှစ်စဉ် အချိန်ဇယားနဲ့ လေ့ကျင့်ဖို့ တရုတ်နဲ့ ရုရှားကြား အပြန်အလှန် သဘောတူညီ စီစဉ်ထားပြီး တရုတ်နဲ့ ရုရှား ရေတပ်တို့က ပစိဖိတ်သမုဒ္ဒရာထဲမှာ ပဉ္စမမြောက် ပူးတွဲ ရေကြောင်းကင်းလှည့်မယ်လို့လည်း ဝန်ကြီးဌာနက မှတ်ချက်ပြုခဲ့ပါတယ်။

တရုတ်ရေတပ်ဟာ ရုရှားရဲ့ ‘Ocean-2024’ မဟာဗျူဟာ စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ဆင်နွှဲမယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

Northern/Interaction-2024 စစ်ရေးလေ့ကျင့်မှုကို ဦးဆောင်တဲ့ တရုတ်တပ်မှူးတွေဟာ ရုရှားနိုင်ငံ ဗလာဒီဗိုစတော့ခ်မြို့က နေဗီချီ လေယာဉ်ကွင်းဆီ တနင်္ဂနွေမနက်ပိုင်းမှာ Y-20 သယ်ယူပို့ဆောင်ရေးလေယာဉ်နဲ့ ဆင်းသက်ခဲ့ပြီး ရုရှားနဲ့ ပူးတွဲကွပ်ကဲရေးစခန်းတခု ထူထောင်မယ်လို့ သတင်းထုတ်ပြန်ပါတယ်။

တရုတ်နဲ့ ရုရှား တပ်မှူးတွေဟာ လုပ်ငန်းတာဝန်တွေကို ပေါင်းစပ်ညှိနှိုင်းပြီး အင်အားဖြန့်ကြက်မှုဆိုင်ရာ အစီအစဉ်တွေ၊ အကောင်အထည်ဖော်မှု နည်းလမ်းတွေ၊ ကွပ်ကဲမှုနဲ့ ဆက်သွယ်ရေးအပြင် စစ်ရေးလေ့ကျင့်မှုအတွက် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ပံ့ပိုးကူညီမှုတို့ကို ပူးတွဲရေးဆွဲဖို့ တာဝန်သတ်မှတ်ထားပါတယ်။

စစ်ရေးလေ့ကျင့်ရာမှာ ပါဝင်ဖို့ တရုတ်နဲ့ ရုရှားတို့က သင်္ဘော ၁၀ စင်းနဲ့ လေယာဉ်အစင်း ၂၀ ကျော် စေလွှတ်မှာပါ။

တရုတ်လေတပ်တွေဟာ စစ်ရေးလေ့ကျင့်မှုမတိုင်မီ မြောက်ပိုင်းစစ်တိုင်းကွပ်ကဲမှု လေတပ်ရဲ့ လေယာဉ်ကွင်းမှာ စုဝေးရောက်ရှိနေပါပြီ။

တရုတ်နဲ့ ရုရှားတပ်ဖွဲ့တွေဟာ ကင်းထောက်ခြင်းနဲ့ ကြိုတင်သတိပေး တုံ့ပြန်ခြင်းဆိုင်ရာ စစ်ရေးလေ့ကျင့်မှုတွေအပြင် ရေတပ်နဲ့ လေကြောင်း ပူးတွဲစစ်ဆင်ရေးနဲ့ ရေငုပ်သင်္ဘော တိုက်ဖျက်ရေး ပူးတွဲလေ့ကျင့်သွားမှာလည်း ဖြစ်ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013