လတ်ဗီးယားနိုင်ငံရဲ့ လေပိုင်နက်ထဲကို လွင့်လာပြီး စနေနေ့က လတ်ဗီယားနိုင်ငံထဲမှာ ပျက်ကျခဲ့တဲ့ ရုရှားစစ်ဘက်ဒရုန်းတစီးမှာ ယူကရိန်းနိုင်ငံအတွက် ရည်ရွယ်ထားပုံရတဲ့ ဖောက်ခွဲရေးပစ္စည်းတွေ တင်ဆောင်ထားတယ်လို့ တာဝန်ရှိသူတွေက စက်တင်ဘာ ၉ ရက်မှာ ပြောကြားခဲ့ပါတယ်။
လတ်ဗီးယားနိုင်ငံ ကာကွယ်ရေးဦးစီးချုပ် လဲနစ်ဒ်စ် ကာလ်နင်စ်က“ဒါဟာ ထိပ်ဖူးတပ်ထားတဲ့ စစ်ဘက်သုံး မောင်းသူမဲ့လေယာဉ်ဖြစ်ပြီး ထိပ်ဖူးဟာ အခင်းဖြစ်နေရာမှာ ပျက်စီးခဲ့ကြောင်းနဲ့ ဒရုန်းဟာ မပေါက်ကွဲသွားဘဲ လတ်ဗီးယန်း အဖွဲ့ခွဲရဲ့ လုပ်ဆောင်ချက်တွေကြောင့် သက်ဝင်လှုပ်ရှားမှုလည်း ပျက်ပြယ်သွားပါတယ်” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
လတ်ဗီးယားမြေပေါ် ဆင်းသက်လာတဲ့ ဒရုန်းဟာ ရုရှားအသုံးပြုနေတဲ့ အမျိုးအစားနဲ့ ကိုက်ညီနေပြီး အီရန်နိုင်ငံထုတ် ရှာဟဒ်အမျိုးအစား ဖြစ်တယ်လို့ ကာလ်နင်စ်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
အခုခါ ယူကရိန်းမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေတဲ့ အထောက်အထားတွေကို စုဆောင်းရရှိထားတယ်လို့ ဆိုပါတယ်။
အဲဒီဒရုန်းမှာ ဖောက်ခွဲရေးပစ္စည်းတွေကို တွေ့ရှိပြီးနောက်မှာ အဲဒီစက်ပစ္စည်းတွေဟာ အလုပ်မလုပ်တော့ကြောင်းနဲ့ ဒရုန်းနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက် အားလုံးကို ခွဲခြမ်းစိတ်ဖြာဖို့ လုပ်ဆောင်နေပါတယ်လို့ ကာလ်နင်စ်က သတင်းထောက်တွေကို ပြောပါတယ်။
အဲဒီဒရုန်းဟာ သူဝင်ရောက်လာတဲ့ ဘီလာရုစ်နယ်စပ်မှ မိုင် ၆၀ လောက်အကွာ ဂိုင်ဂါလာဗာရွာရဲ့ နယ်မြေအတွင်း ပြုတ်ကျခဲ့ကြောင်း လတ်ဗီးယား ကာကွယ်ရေးဝန်ကြီးဌာနက တနင်္လာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
NATO အဖွဲ့ဝင်တွေ ဖြစ်ကြပြီး ရုရှားရဲ့ ကျူးကျော်စစ်မှာ ယူကရိန်းဘက်က ထောက်ခံကြတဲ့ ရိုမေးနီးယားနဲ့ လတ်ဗီးယားတို့ဟာ သူတို့ရဲ့ ဝေဟင်ပိုင်နက်ကို ချိုးဖောက်ဝင်ရောက်လာတဲ့ ရုရှားဒရုန်းတွေကိစ္စကို စုံစမ်းစစ်ဆေးနေကြောင်း စက်တင်ဘာ ၈ ရက်က ပြောပါတယ်။
“အမှန်တရားအသစ်ကတော့ စစ်ပွဲဟာ ကျနော်တို့ရဲ့ နယ်နိမိတ်နဲ့လည်း နီးကပ်လာနေပြီး ဒါဟာ လတ်ဗီးယားသာမက ရိုမေးနီးယားအတွက်ရော ပိုလန်အတွက်ရော မူအရပါ NATO နိုင်ငံတခုလုံး အတွက်ပါ သက်သေတခုဖြစ်တယ်” လို့လည်း ဆိုပါတယ်။
Source-Reuters