တရုတ်နဲ့ ဥရောပသမဂ္ဂ (EU) တို့ကြား ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံရေး မပြေမပြစ် ဖြစ်နေချိန်မှာ စပိန်နဲ့ နော်ဝေ ဝန်ကြီးချုပ်တွေ တရုတ်နိုင်ငံကို ရောက်လာပြီး တရုတ်ခေါင်းဆောင်တွေနဲ့ စက်တင်ဘာ ၉ ရက်က အသီးသီး တွေ့ဆုံခဲ့ကြပါတယ်။
သူတို့ရဲ့ အလည်အပတ်ခရီးစဉ်ဟာ တရုတ်နဲ့ဆက်ဆံရေး တည်ငြိမ်ဖို့ ဥရောပနိုင်ငံတွေ ကြားက အများသဘောတူညီချက်ကို ထင်ဟပ်နေတယ်လို့ တရုတ်အစိုးရမီဒီယာ CCTV က ပြောပါတယ်။
စပိန်ဝန်ကြီးချုပ် ပေဒရို ဆန်းချက်ဇ်က တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ စက်တင်ဘာ ၉ ရက်မှာ တွေ့ဆုံပြီး EU နဲ့ တရုတ်ကြား အားလုံး အကျိုးရှိတဲ့ ကုန်သွယ်မှုဆက်ဆံရေး ပိုပြီး ဟန်ချက်ညီဖို့ သူကြိုးစားခဲ့တယ်လို့ ပြောပါတယ်။
တရုတ်နဲ့ EU ကြား သံတမန်ဆက်ဆံရေး အပြုသဘော အခန်းကဏ္ဍကနေ ပါဝင်နိုင်ရေး စပိန်က ဆက်ပြီးလုပ်သွားဖို့ မျှော်လင့်တယ်၊ မျှတဘေးကင်းပြီး ခွဲခြားဖိနှိပ်မှုကင်းတဲ့ စီးပွားရေးဆိုင်ရာ ပတ်ဝန်းကျင် အခင်းအကျင်းကို ပံ့ပိုးရင်း တရုတ်စီးပွားရေးလုပ်ငန်းတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေရဲ့ အကျိုးစီးပွားကို စပိန်က ဆက်ပြီး အာရုံစိုက်ဖို့ မျှော်လင့်တယ်လို့ ရှီကျင့်ဖျင်က ဆန်းချက်ဇ်ကို ပြောခဲ့ပါတယ်။
စပိန်ဝန်ကြီးချုပ်ဟာ တရုတ်-စပိန် ဖိုရမ်ကို သဘာပတိအဖြစ် ဆောင်ရွက်အပြီး တရုတ်-စပိန် စီးပွားရေးအကြံပေးကောင်စီ အစည်းအဝေးကို တက်ရောက်မှာပါ။
အဲဒီနောက် စပိန် စီးပွားရေးအဖွဲ့များ အသင်းချုပ်က စီစဉ်တဲ့ အပြန်အလှန် စီးပွားရေး အစည်းအဝေးကို ရှန်ဟိုင်းမြို့မှာ တက်ရောက်မှာဖြစ်ပြီး ရှန်ဟိုင်းဆာဗန်းတက်စ် တက္ကသိုလ် ဖွင့်ပွဲကိုလည်း တက်ရောက်မယ်လို့ စပိန်ပြည်တွင်းသတင်းစာ ဒီပလိုမက်က ဖော်ပြပါတယ်။
နော်ဝေဝန်ကြီးချုပ် ယိုနပ်စ် ဂါးစတိုလဲဟာ တရုတ်ဒုဝန်ကြီးချုပ် ကျန်းကို့ချင်၊ တရုတ်လွှတ်တော် ဥက္ကဋ္ဌ ကျောက်လဲ့ကျိတို့နဲ့ စက်တင်ဘာ ၉ ရက်က သီးခြားစီ အသီးသီး တွေ့ဆုံခဲ့ပါတယ်။
နော်ဝေဝန်ကြီးချုပ်ဟာ တရုတ်-နော်ဝေ သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့် အခမ်းအနားကိုလည်း တက်ရောက်ခဲ့ပါတယ်။
သူဟာ တရုတ်ဝန်ကြီးချုပ် လီချန်ရဲ့ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံကို စက်တင်ဘာ ၉ ရက်ကနေ ၁၀ ရက်ထိ ၂ ရက်ကြာ တရားဝင်ခရီးစဉ်နဲ့ ရောက်နေတာပါ။
နော်ဝေသင်္ဘောပိုင်ရှင်တွေ ပိုင်တဲ့ သင်္ဘော ၅၅ စီးကို တရုတ်နိုင်ငံထဲမှာ လက်ရှိ တည်ဆောက်နေတယ်လို့ ကြေညာချက်က ဆိုပါတယ်။
စပိန်ဟာ တရုတ်နိုင်ငံဆီကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံဖိုး ဝက်သားထုတ်ကုန်တွေ ၂၀၂၃ ခုနှစ်က တင်ပို့ခဲ့တယ်လို့ တရုတ် အကောက်ခွန် စာရင်းအင်းတွေက ပြထားပါတယ်။
နယ်သာလန်ကတော့ ဝက်သားထုတ်ကုန် အမေရိကန်ဒေါ်လာ သန်း ၆၂၀ ဖိုးနဲ့ ဒိန်းမတ်က အမေရိကန်ဒေါ်လာ ၆၀၈ သန်းဖိုး အသီးသီး တင်ပို့ခဲ့ပါတယ်။
ဥရောပ ဝက်သားတင်ပို့မှုအပေါ် စုံစမ်းစစ်ဆေးဖို့ တရုတ်က ကြေညာအပြီး ရက်ပိုင်းအတွင်းမှာ တရုတ် လျှပ်စစ်ကားတွေဟာ ကုန်သွယ်ရေး ပဋိပက္ခ ဖြစ်လာစေနိုင်တယ် ဆိုတဲ့ အချက်နဲ့ ပတ်သက်ပြီး EU နဲ့ တရုတ်တို့ သဘောထားကွဲလွဲနေတယ်လို့ တရုတ်ပြည်မကြီး အစိုးရက ဇွန်လမှာ သတိပေးခဲ့ပါတယ်။
အောက်တိုဘာလမှာ တရုတ်လုပ် လျှပ်စစ်ကားတွေအပေါ် ၃၆ ဒသမ ၃ ရာခိုင်နှုန်းအထိ ထပ်တိုးအခွန် ချမှတ်ဖို့ ဥရောပကော်မရှင်ရဲ့ အဆိုပြုချက်ကို ပယ်ချဖို့ တရုတ်က EU အဖွဲ့ဝင် နိုင်ငံတွေကို စည်းရုံးခဲ့ပါတယ်။
Source-Reuters