တရုတ်နိုင်ငံဟာ ကုန်ထုတ်လုပ်မှုလုပ်ငန်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခွင့် ကန့်သတ်ချက် အားလုံးကို ရုပ်သိမ်းဖို့ စက်တင်ဘာ ၈ ရက်မှာ ကြေညာခဲ့ပါတယ်။
တရုတ်ပြည်တွင်း ကုန်ထုတ်လုပ်မှု လုပ်ငန်းကို တကမ္ဘာလုံးအတွက် ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်ပေးဖို့ နောက်ဆုံးကြိုးပမ်းချက် တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။
နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခွင့်အတွက် ၂၀၂၄ ခုနှစ် အထူးအခွန်ကင်းလွတ်ခွင့်ရ လုပ်ငန်းစာရင်းဟာ နိုဝင်ဘာ ၁ ရက်မှာ စတင်အသက်ဝင်မယ်လို့ နိုင်ငံရဲ့ စီးပွားရေးစီမံကိန်း ရေးဆွဲသူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြုပြင်ပြောင်းလဲရေးကော်မရှင် (NDRC) က ပြောပါတယ်။
နောက်ဆုံးမူအရ ကုန်ထုတ်လုပ်ရေးကဏ္ဍအတွက် ကန့်သတ်ချက်နှစ်ခုကတော့ စာအုပ်စာပေ ထုတ်ဝေ၊ ပုံနှိပ်ခြင်း၊ တရုတ်တိုင်းရင်းဆေးပညာအတွက် ကင်၊ ကြော်၊ ပေါင်းနဲ့ အမှုန့်ထောင်းတဲ့ လုပ်ငန်းစဉ်တွေကို အသုံးချခြင်း၊ တရုတ်မူပိုင်ခွင့်ဆေးဝါးတွေအတွက် လျှို့ဝှက်ဆေးညွှန်းတွေ ထုတ်လုပ်ခြင်းတို့ကို တရုတ်တွေကသာ ထိန်းချုပ်ရမယ်ဆိုတဲ့ အချက်ပါ။
ဒါကြောင့် နိုဝင်ဘာ ၁ ရက်ကစပြီး နိုင်ငံခြားက ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီတွေဟာ တရုတ်နိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုနယ်ပယ်မှာ သူတို့ရဲ့ တရုတ်လုပ်ဖော်ကိုင်ဖက်တွေလို တူညီတဲ့ ဆက်ဆံမှုကို အပြည့်အဝ ခံစားခွင့်ရတော့မှာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် စက်မှုလုပ်ငန်းအမျိုးအစား ၂၀ နဲ့ အကြီးစား စက်မှုလုပ်ငန်းကဏ္ဍ ၁၁၅ ခုတို့ကို လွှမ်းခြုံထားပါတယ်။
၂၀၁၇ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း တရုတ်နိုင်ငံမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအတွက် ကနဦး အာမခံငွေ ၂၅ ရာခိုင်နှုန်း တိုးလာပြီး နည်းပညာမြင့် ထုတ်လုပ်မှုကဏ္ဍမှာ ၃၇ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။
အနာဂတ်မှာ တရုတ်နိုင်ငံဟာ ဆက်သွယ်ရေး၊ အင်တာနက်နဲ့ ပညာရေး စတဲ့ကဏ္ဍတွေကို စနစ်တကျ ဖွင့်လှစ်နိုင်စေဖို့ ဝန်ဆောင်မှုကဏ္ဍမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ပိုမိုလွယ်ကူ ချောမွေ့အောင် လုပ်လိမ့်မယ်လို့ စီစီတီဗီ သတင်းဌာနက ထုတ်ပြန်ပါတယ်။
နောက်ဆုံးထုတ်ပြန်တဲ့ မူထဲမှာ အဆင့်မြင့် ကုန်ထုတ်လုပ်ငန်း၊ ခေတ်မီဝန်ဆောင်မှု လုပ်ငန်းတွေ၊ အဆင့်မြင့်နည်းပညာကဏ္ဍတွေ၊ စွမ်းအင်ထိန်းသိမ်းရေးနဲ့ သဘာဝ ပတ်ဝန်းကျင် ကာကွယ်ရေး စတဲ့နယ်ပယ်တွေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကိုလည်း အားပေးလမ်းညွှန်ခဲ့ပါတယ်။
Source-Reuters