ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းမှာ ရွှေလီမြို့ နိုင်ငံတော်လုံခြုံရေးကော်မတီ နာမည်သုံးပြီး ၂၀၂၄ ခုနှစ် ဩဂုတ် ၂၉ ရက်နေ့စွဲပါ “စစ်ရေးလေ့ကျင့်မှု အကြောင်းကြားကြော်ငြာချက်” ခေါင်းစဉ်တပ်လို့ မြန်မာတအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်ကို လိပ်မူပြီး အလွန်ရိုင်းပျစော်ကားတဲ့ စကားလုံးတွေနဲ့ ခြိမ်းခြောက်သတိပေးစာတစောင် ပေါ်ထွက်လာခဲ့ပါတယ်။
၁၉၅၁ ခုနှစ်မှာ တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းတခု ဖြစ်သွားတဲ့ တိဘက်ပြည်၊ ဇင်ကျန် (Xinjiang) ဒေသ ပြဿနာတွေ၊ “One-China Principle” နဲ့ ထိုင်ဝမ်ပြဿနာတွေကို အမေရိကန်နဲ့ အနောက်နိုင်ငံတွေ ပါဝင်ပတ်သက်လာမှာကို တားဆီးဖို့ သူတပါးတိုင်းပြည်ရဲ့ ပြည်တွင်းရေး မစွက်ဖက်ရေးမူ ကိုင်ဆွဲထားတယ်လို့ အသံကောင်းဟစ်ထားတဲ့ တရုတ်အာဏာပိုင်တွေဟာ အခုတော့ မြန်မာနိုင်ငံပြည်တွင်းရေးကို မလှိမ့်တပတ်နည်းနဲ့ရော၊ ဗြောင်နည်းနဲ့ပါ ဝင်ရောက် စွက်ဖက်လာခဲ့ကြတာ ဖြစ်ပါတယ်။
မြန်မာပြည်သူတွေ အသက်ဘဝ၊ အိုးအိမ်တွေဆုံးရှုံးလို့ နက်ရှိုင်းစွာခံစား ဘဝပျက် ဒုက္ခအမြင့်ဆုံး ရောက်နေခဲ့ရတာကို စာနာကူညီဖို့ ရည်ရွယ်ချက်နဲ့ အလုပ်အကိုင်ကို မပြသတဲ့အပြင် စစ်အာဏာရှင်ကို ကျားကန်ပေးဖို့ သူ့အကျိုးစီးပွားတခုတည်းကို အခြေခံပြီး တိုက်ပွဲတွေကို ချက်ချင်းရပ်တန့်လို့ နယ်စပ်တည်ငြိမ်ရေးကို သူတို့နဲ့ပူးပေါင်းပြီး ထိန်းသိမ်းကြဖို့ တောင်းဆိုခဲ့ပြီး လိုက်နာမှုမရှိရင် “ကြောက်ရွံ့ကျိုးနွံမှုနဲ့ ဆုံးမသွန်သင်တဲ့နည်းလမ်း” ကို အသုံးပြုမယ်ဆိုပြီး အောက်တန်းကျစွာ လူမိုက်စကားဆို ခြိမ်းခြောက်စွက်ဖက်လာခဲ့တာ ဖြစ်ပါတယ်။
ရွှေလီမြို့ နိုင်ငံတော်လုံခြုံရေးကော်မတီက တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ကိုလိပ်မူပြီး ခြိမ်းခြောက်ခဲ့ခြင်းဟာ အမှန်တကယ်တော့ မြန်မာတနိုင်ငံလုံးက တိုင်းရင်းသား မိဘပြည်သူ အားလုံးကို ခြုံငုံစော်ကား ခြိမ်းခြောက်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ အောက်ပါစကားများလို “ပြည်ထောင်စုဘွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမဆိုတာ ခေါင်းကိုထိရင်လည်း ထိတာပဲ၊ လက်သန်းကိုထိလည်း ထိတာပဲ”။
“ပြည်ထောင်စုမြန်မာနိုင်ငံဟာ တိုင်းရင်းသားများအားလုံး ပိုင်တဲ့နိုင်ငံ ဖြစ်ပါတယ်။ ဗမာတွေက အများစုဆိုပေမဲ့ ဒီနိုင်ငံဟာ ဗမာတွေသာ ပိုင်တာမဟုတ်ပါဘူး။ တိုင်းရင်းသားလူမျိုးစု မြောက်မြားစွာနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုဖြစ်တာကြောင့် ကျမတို့ရဲ့ ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ တိုင်းရင်းသားပေါင်းစုံရဲ့ မျှော်မှန်းချက်တွေ၊ တိုင်းရင်းသားပေါင်းစုံရဲ့ လိုအပ်ချက်တွေ၊ အဲဒါတွေအားလုံးကို စဉ်းစားမှ ဒီပြဿနာတွေကို ဖြေရှင်းနိုင်မှာပါ။”
ဒါပေမဲ့လည်း မြန်မာပြည်သူပြည်သားတွေကသာ ဆုံးဖြတ်ရွေးချယ်ရမယ့် မြန်မာ့ပြည်တွင်းရေး ပြဿနာကို တရုတ်အာဏာပိုင်တွေက ဘောင်ကျော်ပြီး မြန်မာနိုင်ငံအရေးကိစ္စမှာ သူတို့အကျိုးစီးပွားအပေါ် အခြေခံတဲ့ အောက်ပါစည်းသုံးစည်း…
၁။ မြန်မာနိုင်ငံတွင် ပြည်တွင်းမတည်မငြိမ်ဖြစ်မှု၊ ပြည်တွင်းစစ်ဖြစ်ပွားလို့ မရဘူး၊
၂။ အာဆီယံမိသားစုရဲ့ လမ်းကြောင်းမှ ကင်းကွာသွားလို့ မရဘူး၊
၃။ ပြင်ပအင်အားစုများ (တရုတ်မပါ) ထင်သလို စိမ့်ဝင်ပြီး ဝင်ရောက်စွက်ဖက်မှုကို ခွင့်မပြုဘူး စတာတွေကို မြန်မာပြည်သူတွေအပေါ် စေတနာထားဟန်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိက ပြောဆို စွက်ဖက်ခဲ့ပါတယ်။
တရုတ်အာဏာပိုင်တွေရဲ့ သဘောထားဖြစ်တဲ့ “မြန်မာပြည်သူတွေ လက်မခံတော့ဘဲ လွှင့်ပစ်ထားတဲ့ သမိုင်းအမှိုက်ပုံထဲက ၂၀၀၈ စစ်ကျွန် ဖွဲ့စည်းပုံအခြေခံဥပဒေ မူဘောင်အောက်မှာ ရှေ့လုပ်ငန်းစဉ် ၅ ရပ် အသစ်ကို ဖော်ဆောင်လို့ နိုင်ငံရေး ပြန်လည်သင့်မြတ်ဖို့၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် ပြန်လည်ဖော်ဆောင်ဖို့ကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်လို့ ရေရှည်တည်ငြိမ်အေးချမ်းသော လမ်းကြောင်းရှာဖွေဖို့ ဆိုတာက လက်ရှိ ပကတိအခြေအနေအမှန်တွေနဲ့ ကိုက်ညီမှု မရှိတော့သလို မြန်မာနိုင်ငံသား အများစုရဲ့ဆန္ဒကို ဖီလာဆန့်ကျင်နေတယ်ဆိုတာ တရုတ်အစိုးရက သိသိကြီးနဲ့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် သူတို့လိုရာကို အတင်းတွန်းနေတာ ဖြစ်ပါတယ်။
၁၉၈၉/၁၉၉၀ ခုနှစ်လောက်မှာ အရင်ကွန်မြူနစ်စနစ် လုပ်နည်းလုပ်ဟန် အဟောင်းတွေကို ပြတိုက်ထဲထည့် သော့ခတ်ပြီး ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးလာပြီးတဲ့နောက် နိုးထလာတဲ့ တရုတ်နဂါးကြီးဟာ စီးပွားတက် ချမ်းသာလာခဲ့ပါတယ်။ သမိုင်းအဆက်ဆက်မှာ မွန်ဂိုရီးယား၊ ဂျပန်၊ ဒတ်ခ်ျ၊ အင်္ဂလန်၊ ပြင်သစ် စတဲ့ အနောက်နိုင်ငံတွေနဲ့ အမေရိကန်တို့ရဲ့ ကိုလိုနီနယ်ချဲ့ ဗိုလ်ကျ ဘူးလီးအလုပ်ခံလာရတဲ့ တရုတ်နိုင်ငံဟာ အခု သူတို့ အင်အားကြီးလာတဲ့အချိန်မှာ စိတ်ပညာသဘောအရ သူတို့ကိုယ်တိုင်က အင်အားနည်းသူတွေအပေါ် အနိုင်ကျင့် ဘူးလီးလုပ်သူတွေ ဖြစ်လာခဲ့ရတာ ဖြစ်ပါတယ်။
ကိုလိုနီစနစ်ဆိုတာ နည်းပညာတိုးတက် ရှေ့ရောက်ခဲ့လို့ ချမ်းသာကြွယ်ဝပြီး လက်နက်အင်အားကြီးတဲ့ လူမျိုးတမျိုး၊ တိုင်းပြည်တပြည်က တခြားသူတို့ရဲ့ နယ်မြေကို တရားဝင်နဲ့ တိုက်ရိုက်ထိန်းချုပ်နိုင်တဲ့ နိုင်ငံရေးနဲ့ စစ်ရေးလွှမ်းမိုးမှုစနစ် ဖြစ်ပါတယ်။ ကိုလိုနီပြုတဲ့ဖြစ်စဉ်မှာ ကိုလိုနီပြုသူတွေဟာ တခြားသူတို့ရဲ့ ယုံကြည်မှုဆိုင်ရာ ဘာသာရေး၊ မိခင်ဘာသာစကား၊ စီးပွားရေးနဲ့ တခြားယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကို ပယ်ချ စည်းကြပ်နိုင်ကြပါတယ်။
တိုင်းတပါးက ကိုလိုနီပြု အုပ်ချုပ်သူတွေဟာ သူတို့ရဲ့အကျိုးစီးပွား ကြီးပွားဖို့ သူတပါးနယ်မြေကို အုပ်ချုပ်ပြီး ကိုလိုနီပြုထားတဲ့ ဒေသခံလူများရဲ့ အရင်းအမြစ်တွေကနေ အကျိုးအမြတ်ရရှိဖို့ ကြိုးပမ်းလေ့ရှိကြပါတယ်။ ကိုလိုနီစနစ်ကို အမျိုးအစားအမျိုးမျိုး ခွဲခြားသတ်မှတ်ထားပါတယ်။ နယ်သစ်အခြေချနေထိုင်သူ ကိုလိုနီစနစ်၊ အမြတ်ထုတ် ကိုလိုနီစနစ်၊ ကိုယ်စား ကိုလိုနီစနစ်၊ ပြည်တွင်း ကိုလိုနီစနစ်၊ အမျိုးသားရေး ကိုလိုနီစနစ်၊ ကုန်သွယ်မှုပုံစံ ကိုလိုနီစနစ်တို့ ဖြစ်ကြပါတယ်။
အခုနောက်ဆုံး တရုတ်အာဏာပိုင်တွေရဲ့ ကွန်မြူနစ်ပျက် ကိုလိုနီစနစ်ကတော့ နယ်စပ်ကုန်သွယ်ရေး အခြေခံပြီး ကိုလိုနီပြုတာ၊ ရင်းနှီးမြှုပ်နှံမှု အခြေခံပြီး အမြတ်ထုတ် ကိုလိုနီပြုတာ၊ ဩဇာခံ အိမ်နီးချင်းနိုင်ငံရဲ့ ပြည်နယ်တချို့ကို သူတို့ရဲ့လက်ဝေခံ၊ ဩဇာခံပြည်နယ် Client State အဖြစ် ကိုလိုနီပြုတာ စတဲ့နည်းနာတွေ ရောသမမွှေပြီး သုံးလာတာကို ပြည်တွင်းပြည်ပ ကမ္ဘာ့သတင်းတွေမှာ တွေ့မြင်လာကြရပါတယ်။
ရင်းနှီးမြှုပ်နှံမှု အခြေခံပြီး အမြတ်ထုတ် ကိုလိုနီစနစ်ရဲ့ သာဓကတွေကတော့ ၂၀၂၄ ခုနှစ် မေလမှာ ကမ္ဘာ့ဘဏ်ကထုတ်ပြန်တဲ့ နိုင်ငံတကာကြွေးမြီရီပို့မှာ တရုတ်နဂါးကြီးထံမှာ အကြွေးတင်နေတဲ့ Low and Middle-Income Countries (LMICs) ဝင်ငွေအလယ်အလတ်နဲ့ နိမ့်ကျနိုင်ငံ ၉၅ နိုင်ငံလောက် ရှိတဲ့အထဲမှာ ပါကစ္စတန်နိုင်ငံငံဟာ US$ ၂၆.၅၉၉ ဘီလီယံအထိ အများဆုံး ကြွေးတင်နေပြီး အင်ဂိုလာနိုင်ငံက US$ ၂၀.၉၇၈ ဘီလီယံ၊ သီရိလင်္ကာနိုင်ငံက US$ ၈.၈၄ ဘီလီယံ၊ ကွန်ဂိုနိုင်ငံက US$ ၂.၅၅၁ ဘီလီယံနဲ့ မြန်မာနိုင်ငံက US$ ၂.၄၅၇ ဘီလီယံ တရုတ်ကြွေးတင်နေပါတယ်။
စီးပွားရေးကိစ္စတင်မကဘဲ နောက်တခု တရုတ် ပေါ်လစ်ဗျုရို အာဏာပိုင်တွေ စိုးရိမ်တာက မြန်မာပြည်သူလူထုရဲ့ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး နိုးကြားမှုအရှိန်အဟုန်က တရုတ်ပြည်သူတွေအပေါ် ဒုတိယအကြိမ် လွှမ်းမိုးရိုက်ခတ် ကူးစက်လာမယ့်အရေး ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးရဲ့ အရှိန်အဟုန်ဟာ တရုတ်ပြည်ဘက်ကို ရိုက်ခတ်ကူးစက်ခဲ့တာမို့ တရုတ်ကျောင်းသားတွေနဲ့ တရုတ်ပြည်သူတွေဟာ ၁၉၈၉ ခုနှစ်မှာ တီယန်မင်ရင်ပြင်ရှေ့ ဆန္ဒပြ လှုပ်ရှားခဲ့ကြတာကြောင့် တိန့်ရှောင်ဖိန်နဲ့ တရုတ်ခေါင်းဆောင်တွေဟာ ကွန်မြူနစ်စီးပွားရေးကို ခဝါချပြီး ဈေးကွက်စီးပွားရေးစနစ်ကို ပြောင်းလဲကျင့်သုံးခဲ့ရတာ ဖြစ်ပါတယ်။ အခုဆို အရှေ့တောင်အာရှမှာတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တောင်းဆိုလာကြတဲ့ Milk Tea Alliance လှုပ်ရှားမှုတွေ တိတ်တဆိတ် ကြီးထွားလာနေပြီ ဖြစ်ပါတယ်။
ဒီဆောာင်းပါးကို နိဂုံးချုပ်ရရင် အတိတ်ကာလတခုမှာ ဘူးလီးဗိုလ်ကျခံ၊ ကိုလိုနီပြုခံခဲ့ရတဲ့ တရုတ်နိုင်ငံက ပေါလစ်ဗျုရို အာဏာရှင်တွေဟာ စိတ်ပညာသဘောအရ သူတို့အင်အားကြီးလာတဲ့အခါ တခြားတိုင်းတပါးကို ဘူးလီးဗိုလ်ကျ အမြတ်ထုတ်တဲ့ ကွန်မြူနစ်ပျက် ကိုလိုနီစနစ်ကို ကျင့်သုံးလာပြီး မြေပေါ်၊ မြေအောက်၊ ရေပေါ် ရေအောက် သယံဇာတတွေ အမြတ်ထုတ်၊ နယ်စပ်ကုန်သွယ်မှုနဲ့ အမြတ်ထုတ်၊ ရင်းနှီးမြှုပ်နှံမှုနဲ့ အမြတ်ထုတ်၊ လက်နက်ခဲယမ်းတွေရောင်းချ အမြတ်ထုတ် စတာတွေ ကျူးလွန်လာခဲ့ကြပါတယ်။
အဲဒီလို မတရားအမြတ်ထုတ်ခွင့် သူတို့အကျိုးစီးပွားကို ထိခိုက်လာတဲ့အချိန်မှာတော့ ကိုယ့်ထွေးတဲ့တံတွေး ကိုယ်ပြန်မျိုတဲ့သဘောနဲ့ သူတပါးတိုင်းပြည်ရဲ့ ပြည်တွင်းရေး မစွက်ဖက်ရေးမူကို ဗြောင်လွှတ်ချပြီး မြန်မာနိုင်ငံနဲ့ တိုင်းရင်းသား ပြည်သူလူထု ရွေးချယ်ဆုံးဖြတ်ရမယ့် ပြည်တွင်းရေးကိစ္စကို ရမ်းကားတဲ့စကားလုံးတွေ သုံးပြီး ခြိမ်းခြောက် စွက်ဖက်လာတာ ဖြစ်ပါတယ်။
ဒါကြောင့် တရုတ်အာဏာပိုင်တွေ မြန်မာနိုင်ငံနဲ့ တိုင်းရင်းသား မြန်မာပြည်သူလူထု အများစုအပေါ် တကယ်ရိုးသားစွာ စေတနာထားတယ်၊ တရုတ်နိုင်ငံရဲ့ သိက္ခာရှိတဲ့ ရေရှည်အကျိုးစီးပွားကို ရယူလိုတယ်၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ တိုးတက်ချမ်းသာလိုတယ် ဆိုရင် မြန်မာ့တိုင်းရင်းသား ပြည်သူလူထု တရပ်လုံးက ချမှတ်ထားတဲ့ စစ်အာဏာရှင်စနစ် အပြီးဖျက်သိမ်းရေး သန္နိဋ္ဌာန်နဲ့ မတရားမှုကို လက်မခံတဲ့ ပြင်းပြဆန္ဒတွေကို လေးစားအသိအမှတ်ပြုဖို့ အရင်သက်သေပြရမှာ ဖြစ်ပါကြောင်း။