Home
နိုင်ငံတကာ
နိုင်ငံတကာ ကလေးမွေးစားခွင့်ကို တရုတ်အစိုးရ ရပ်တန့်
DVB
·
September 8, 2024
Photo - Kim Kyung-Hoon/Reuters

တရုတ်နိုင်ငံဟာ ကလေးမွေးစားခွင့်အတွက် နိုင်ငံရပ်ခြားကို ပို့တော့မှာမဟုတ်ကြောင်း အစိုးရက ပြောကြားလိုက်ပြီး သူ့ရဲ့ နယ်စပ်ဖြတ်ကျော် မွေးစားခြင်းမူဝါဒကို နိုင်ငံတကာ ခေတ်ရေစီးကြောင်းနဲ့အညီ ပြုပြင်ပြောင်းလဲခဲ့ကြောင်း နိုင်ငံခြားရေးဌာန ပြောခွင့်ရ မော်နင်းက စက်တင်ဘာမှာ ပြောပါတယ်။

ဒါဟာ နှစ်ပေါင်း ၃၀ ကျော်ကြာ အမြစ်တွယ်ခဲ့တဲ့ တချိန်က တအိမ်ထောင် ကလေးတယောက် ဆိုတဲ့ တင်းကျပ်ခဲ့တဲ့ မူဝါဒကို ပြောင်းပြန်လှန်လိုက်တာ ဖြစ်ပါတယ်။

အဲဒီမူဝါဒ အပြောင်းအလဲကြောင့် တရုတ်နိုင်ငံမှ ကလေးတွေကို မွေးစားခြင်း လုပ်ငန်းစဉ်ထဲမှ မိသားစုတွေ ဘာဖြစ်သွားမယ်ဆိုတာတော့ ချက်ချင်း မရှင်းလင်းသေးပါဘူး။

တရုတ်နိုင်ငံဟာ သူ့နိုင်ငံလူဦးရေကို လျှော့ချဖို့အတွက် ပြင်းထန်တဲ့ တအိမ်ထောင် ကလေးတယောက် မူဝါဒကို ၁၉၇၉ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ အကောင်အထည်ဖော်ခဲ့ပါတယ်။

မိသားစုတွေမှာ ကလေး တယောက်သာ ရှိရမယ်လို့ ကန့်သတ်လိုက်တဲ့အခါ အများစုက မိသားစုအတွက် အဓိက ပြုစုစောင့်ရှောက်သူအဖြစ် အစဉ်အလာအားဖြင့် မျှော်လင့်ထားကြတဲ့ သားယောကျ်ားလေးကိုသာ ရွေးချယ်ခဲ့ကြပြီး သမီးမိန်းကလေးတွေကိုတော့ မွေးစားခံရဖို့ စွန့်လွှတ်ခဲ့ကြပါတယ်။

တရုတ်နိုင်ငံဟာ နိုင်ငံတကာမွေးစားခွင့် ဆိုပြီး ပထမဆုံး တံခါးဖွင့်လိုက်တဲ့ ၁၉၉၂ ခုနှစ်ကတည်းက တရုတ်ကလေးငယ်ပေါင်း ၁၆၀,၀၀၀ ကျော်ကို ကမ္ဘာတဝန်းရှိ  မိသားစုတွေက မွေးစားခဲ့ကြပါတယ်။

အဲဒီကလေးတွေထဲက မိန်းကလေးငယ်တွေ အများစု ၈၂,၀၀၀ လောက်ကို အမေရိကန်ပြည်ထောင်စုမှာ မွေးစားခဲ့ကြကြောင်း နိုင်ငံတကာ မွေးစားခံ တရုတ်ကလေးငယ်တွေ အဖွဲ့အစည်း (CCI) ရဲ့ အဆိုအရ သိရပါတယ်။

တရုတ်နိုင်ငံမှာ ၂ နှစ်ဆက်တိုက် လူဦးရေ ကျဆင်းသွားပြီးနောက် တရုတ် မူဝါဒချမှတ်သူတွေဟာ လူငယ်စုံတွဲတွေကို လက်ထပ်ပြီးတော့ ကလေးယူကြဖို့ တွန်းအားပေးနေကြချိန်မှာ မွေးစားခွင့်မူဝါဒ အပြောင်းအလဲ ပေါ်လာတာဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ကလေးမွေးဖွားနှုန်း အနိမ့်ဆုံးနိုင်ငံတနိုင်ငံဖြစ်ပြီး အမျိုးသမီးငယ်တွေကို ကလေးမွေးကြဖို့ မက်လုံးပေး လှုံ့ဆော်နေတာပါ။

ဒါပေမဲ့ များစုမှာ ကလေးထိန်းစရိတ်ကြီးမြင့်မှု၊ အလုပ်အကိုင်လုံခြုံရေးနဲ့ ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးနေချိန်မှာ အနာဂတ် အလားအလာအတွက် စိုးရိမ်ပူပန်မှုတွေကြောင့် ကလေးမွေးဖွားနှုန်း ကျဆင်းနေတာ ဖြစ်ပါတယ်။

နယ်သာလန်နိုင်ငံဟာ မေလမှာ သူ့နိုင်ငံသားတွေကို နိုင်ငံခြားတိုင်းပြည်တွေကနေ ကလေးမွေးစားခြင်းကို တားမြစ်ခဲ့ပြီးနောက်မှာ တရုတ်နိုင်ငံကလည်း နိုင်ငံတကာမွေးစားခွင့်ကို ရပ်ဆိုင်းလိုက်တဲ့ အစီအစဉ်ကို လုပ်ဆောင်လာပါတယ်။

ဒိန်းမတ်နိုင်ငံမှ တခုတည်းသော မွေးစားခြင်းအေဂျင်စီကလည်း လုပ်ငန်းတွေကို ရပ်တန့်လိုက်ကြောင်း ပြောကြားခဲ့ပြီးနောက်မှာ သူ့နိုင်ငံသားတွေဟာ နိုင်ငံခြားမှ ကလေးတွေကို မွေးစားလို့ မရနိုင်တော့ပါဘူး။ 

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013