Home
မြန်မာသတင်း
မြန်မာနိုင်ငံက အကြမ်းဖက်လုပ်ရပ်များအပေါ် ကုလလုံခြုံရေးကောင်စီ အံ့အားသင့်ဖွယ် နှုတ်ဆိတ်နေ
DVB
·
September 6, 2024
Photo Crd-hrw

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံမှာ ရက်စက်ယုတ်မာတဲ့ အကြမ်းဖက်လုပ်ရပ်တွေ ထပ်မံမပေါ်ပေါက်စေရေး ကြိုတင်ကာကွယ် တားဆီးနိုင်ဖို့အတွက် တိုက်တွန်းနှိုးဆော်မှုတွေ လုပ်ဆောင်သွားသင့်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က စက်တင်ဘာ  ၅ ရက်မှာ ထုတ်ပြန်ပါတယ်။

မကြာသေးခင် လတွေအတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်လုပ်ရပ်တွေအပေါ် လုံခြုံရေးကောင်စီက အရေးယူဖို့ ပျက်ကွက်နေမှုဟာ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး အရေးပေါ်သတိပေး ခေါင်းလောင်းထိုးခဲ့ကြတဲ့ ကုလသမဂ္ဂ အဆင့်မြင့်တာဝန်ရှိသူတွေရဲ့ ရှင်းလင်းပြတ်သားတဲ့ သတိပေးချက်တွေနဲ့ လုံးဝကို သွေဖည်နေတာ ဖြစ်ပါတယ်။

လုံခြုံရေးကောင်စီအနေနဲ့ ကောင်စီတွင်း ပြုပြင်ပြောင်းလဲမှုတွေနဲ့ နပန်းလုံးနေရချိန် လက်ရှိ မြန်မာ့အရေးအပေါ် နှုတ်ဆိတ်နေမှုဟာ ခက်ခဲတဲ့အခြေအနေတခုကို အောင်မြင်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိဘူးဆိုတဲ့ လုံခြုံရေးကောင်စီရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်တဲ့ တွေးထင်ယူဆချက်တွေကို ပိုမိုနက်ရှိုင်းစေခဲ့တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း ကောင်စီရဲ့ ပထမဆုံး ဆုံးဖြတ်ချက်ဖြစ်တဲ့ December 2022 resolution ကို ဆက်လက် အရေးယူဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့ပြီး အကျိုးဆက်အနေနဲ့ မြန်မာ့အရေးအပေါ် အာဆီယံရဲ့ ချဉ်းကပ်မှုကိုသာမက နိုင်ငံတကာအသိုက်အဝန်းရဲ့ အရေးယူဆောင်ရွက်မှုတွေကိုပါ ဆုတ်ယုတ် အားပျော့သွားစေခဲ့ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီနဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံတို့မှာတော့ စစ်ကောင်စီထံ လေယာဉ်ဆီနဲ့ လက်နက်တင်ပို့မှု တားမြစ်ရေး အပါအဝင် အရေးယူ တောင်းဆိုမှုတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်ခဲ့ပေမဲ့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်နဲ့ မတူတဲ့အချက်က သူတို့ရဲ့ ဆုံးဖြတ်ချက်တွေဟာ ဥပဒေအရ မဖြစ်မနေ လိုက်နာသွားရမယ့် အာဏာသက်ရောက်မှု ရှိမနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) တို့ကြား တရားမဝင် အပစ်အခတ်ရပ်စဲမှု ကျိုးပျက်ခဲ့ပြီး နောက်ပိုင်း ရိုဟင်ဂျာလူမျိုးတွေဟာ ပိုမိုကြီးမားတဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က သတိပေး ပြောကြားထားပါတယ်။ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုများအတွင်း နတ်မြစ်ကမ်းပါးမှာ ရိုဟင်ဂျာအရပ်သား ၂၀၀ နီးပါး သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်လည်း ပါဝင်ခဲ့ပါတယ်။

စစ်ကောင်စီဟာ ရခိုင်တိုင်းရင်းသားလူမျိုးတွေနဲ့ ရိုဟင်ဂျာလူမျိုးစုများအကြား တင်းမာမှုတွေဖြစ်အောင် ဘာသာရေး၊ လူမျိုးရေး အမုန်းစကားတွေနဲ့ သတင်းအမှားတွေ ကနေတဆင့် နှစ်ပေါင်းများစွာကြာ သွေးထိုးမှုတွေ လုပ်ဆောင်ခဲ့ပြီး မကြာသေးခင် ရက်များအတွင်း တရားမဝင် စစ်မှုထမ်းဥပဒေနဲ့ ရိုဟင်ဂျာအမျိုးသားတွေကို လူသစ်စုဆောင်းတာတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။

ဒီလို သပ်လျှိုသွေးခွဲတဲ့ နည်းဗျူဟာတွေကို လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ် ရိုဟင်ဂျာရှင်းလင်းရေး စစ်ဆင်ရေးတွေ  လုပ်ဆောင်ခဲ့ချိန်ကတည်းက စစ်တပ်က အသုံးပြုခဲ့ပြီး ၂၀၁၇ ခုနှစ်မှာလည်း ကျေးရွာတွေကို မီးရှို့ကာ လူမျိုးတုံးသတ်ဖြတ်မှု မြောက်စေတဲ့ ရာဇဝတ်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် ရိုဟင်ဂျာလူမျိုး ထောင်ပေါင်းများစွာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ရပါတယ်။

၂၀၂၃ ခု နှစ်ကုန်ပိုင်း ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့တာကြောင့် ရိုဟင်ဂျာ ၃၂၇,၀၀၀ ကျော် ထပ်မံနေရပ်စွန့်ခွာခဲ့ပြီး စုစုပေါင်း နေ့ရပ်စွန့်ခွာသူ ရိုဟင်ဂျာဦးရေဟာ သန်းဝက်ကျော်အထိ ရှိလာခဲ့တယ်လို့ သိရပါတယ်။ အဲဒီထဲက လူပေါင်း ၄၀၀,၀၀၀ ဟာ ပဋိပက္ခတွေကြောင့် နယ်စပ်ဖြတ်ကျော် အထောက်အပံ့တွေရဖို့ အခက်အခဲရှိတဲ့အတွက် အစားအစာပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ UNOCHA ခန့်မှန်း ပြောကြားထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ အာရက္ခတပ်တော်နဲ့ တခြားလက်နက်ကိုင်အဖွဲ့တွေဟာ တပ်သားသစ် စုဆောင်းတာနဲ့ ရိုဟင်ဂျာတွေကို နေရပ်ကနေ နှင်ထုတ်တာတွေလို လက်ရှိ ပဋိပက္ခအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှာ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICC) ရှေ့နေတွေရဲ့ စစ်ဆေးမေးမြန်းမှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ သတင်းထဲမှာ ဖော်ပြထားပါတယ်။

တရားရုံးအနေနဲ့ အဲဒီအခြေအနေတွေကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ICC မှာ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဝင်နိုင်ငံတနိုင်ငံ ဖြစ်ပေမဲ့လို့ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး တရားရုံးရဲ့ စီရင်ပိုင်ခွင့်မှာ အကန့်အသတ်တွေ ရှိနေတာ ဖြစ်ပါတယ်။ လုံခြုံရေးကောင်စီဟာ မြန်မာနိုင်ငံရဲ့ အခြေအနေကို ရည်ညွှန်းပြီး တရားရုံးရဲ့ တရားစီရင်ပိုင်ခွင့်ကို တိုးမြင့်ပေးသင့်တယ်လို့ ဆိုထားပါတယ်။

နောက်ပြီး မြန်မာနိုင်ငံမှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေဟာ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားတဲ့ အမှုနဲ့ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က အမိန့်ချမှတ်ထားတဲ့ ကြားဖြတ် စီမံဆောင်ရွက်ချက်တွေကို စစ်ကောင်စီက လုံးဝ အရေးမစိုက်ဘူးဆိုတာ မီးမောင်းထိုးပြနေတာလို့ ဆိုပါတယ်။

တရားရုံးရဲ့ ကြားဖြတ် စီမံဆောင်ရွက်ချက်တွေဟာ မဖြစ်မနေ လိုက်နာသွားရမယ့် အရာတွေဖြစ်ပြီး အဲဒီစီမံဆောင်ရွက်ချက်တွေ အာဏာတည်စေဖို့အတွက် လုံခြုံရေးကောင်စီက အဓိကအခန်းကဏ္ဍကနေ ပါဝင်သွားသင့်တယ်လို့လည်း ထောက်ပြထားပါတယ်။

လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာပိုင်ဆိုင်ထားတဲ့ အမြဲတမ်းအဖွဲ့ဝင် အင်အားကြီး ၅ နိုင်ငံကြား အာဏာအားပြိုင်မှုတွေ ရှိနေသရွေ့ မြန်မာ့အရေး အဖြေရှာနိုင်ဖို့ဆိုတာ နှစ်ပေါင်းများစွာကြာ ဝေးကွာနေဦးမယ်လို့ ဆိုပါတယ်။

လုံခြုံရေးကောင်စီအနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အစည်းအဝေးကျင်းပတာ ဒါမှမဟုတ် လူသိရှင်ကြား စိုးရိမ်ကြောင်းလေးတောင် မဖော်ပြဘဲ ဆက်ပြီး မသိကျိုးကျွန် ပြုနေမယ်ဆိုရင် အထူးသဖြင့် မြန်မာ့အရေးမှာ ဦးစီးဦးရွက်ပြုနေတဲ့ ဗြိတိန် အပါအဝင် လုံခြုံရေးကောင်စီ စားပွဲဝိုင်းမှာ ထိုင်နေတဲ့ သံအမတ်ကြီးတွေ အားလုံးရဲ့ အမွေအနှစ်တွေဟာ မှေးမှိန်လာပြီး လုံခြုံရေးကောင်စီအပေါ် ပြည်သူတွေရဲ့ ယုံကြည်မှုဟာလည်း ကုန်ခန်းလာမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ် သောမတ်စ် အန်ဒရူးကလည်း မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ၂၀၁၆၊ ၂၀၁၇ ခုနှစ်တို့မှာ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ အကြမ်းဖက်မှု လမ်းကြောင်းဆီကို ပြန်လည်ဦးတည်နေတဲ့အကြောင်း ပြီးခဲ့တဲ့ဇူလိုင်လမှာ သတိပေး ပြောကြားခဲ့ပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှု ကာကွယ်တားဆီးရေးရုံးမှ ကုလအထူးအကြံပေးပုဂ္ဂိုလ်တွေကလည်း မြန်မာနိုင်ငံတဝန်း အကြမ်းဖက်မှုလုပ်ရပ်တွေ မြင့်တက်လာတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်မိတဲ့အကြောင်း ပူးတွဲ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ခိုင်မာတဲ့ ညှိနှိုင်းပေါင်းစပ် ကြိုးပမ်းမှုတရပ် ပေါ်ထွက်လာဖို့အတွက် မြန်မာ့အကျပ်အတည်းကို ပြန်လည်သုံးသပ် အဖြေရှာသွားဖို့ နိုင်ငံတကာအသိုက်အဝန်းကို တိုက်တွန်း ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) နဲ့ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) တို့ကလည်း ရခိုင်ပြည်နယ်မှာ အရပ်သားတွေအပေါ် တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး မကြာသေးခင် သီတင်းပတ်တွေက ပြစ်တင် ပြောကြားခဲ့ကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024