စစ်အာဏာသိမ်း ၃ နှစ်ခွဲကျော်ကာလအတွင်း မြန်မာနိုင်ငံမှာ မယုံကြည်နိုင်လောက်အောင် ရက်စက်ကြမ်းကြုတ်မှုတွေ ပျံ့နှံ့နေတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အဖွဲ့က ထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြပါတယ်။
IIMM အဖွဲ့ရဲ့ အကြီးအကဲ နီကိုးလပ်စ် ကွန်ဂျန်းက “ပြီးခဲ့တဲ့နှစ်မှာ လေကြောင်း ဗုံးကြဲမှုတွေ သိသိသာသာ တိုးလာခဲ့ပါတယ်။ အခုနှစ် ဖေဖော်ဝါရီလတုန်းကလည်း ကရင်နီပြည်နယ်မှာ တိုက်လေယာဉ်တွေ ဗုံးကြဲချပြီး စက်သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ကလေးသူငယ် ၄ ဦးသေဆုံးပြီး ၁၀ ဦးလောက် ဒဏ်ရာရခဲ့တယ်”လို့ ဂျီနီဗာမှာ သတင်းထောက်တွေကို ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေတုန်းက လွိုင်ကော်မြို့မှာ ဖမ်းဆီးခံရတဲ့ စစ်သား ၂ ဦးကို တော်လှန်ရေးတပ်ဖွဲ့တွေက ခေါင်းဖြတ်သတ်ခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်တခုကို စုံစမ်းစစ်ဆေးရေးအဖွဲ့က တွေ့ရှိခဲ့သလို ဆိုရှယ်မီဒီယာပေါ်က ပျံ့နှံ့လာတဲ့ တခြား ရုပ်သံဗွီဒီယိုဖိုင်တခုမှာလည်း မကွေးတိုင်းထဲမှာ လူငယ် ၂ ဦးကို မီးရှို့သတ်ဖြတ်တာကို တွေ့မြင်ခဲ့ရတာကြောင့် ခုလို မယုံကြည်နိုင်လောက်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ဆက်လက်ပြီးတော့ ဖြစ်နေဦးမယ်လို့ ထည့်သွင်း ပြောထားလိုက်တာပါ။
ကံမကောင်းစွာပဲ IIMM ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားသလို (မြန်မာနိုင်ငံမှာ) ဒီလို ရာဇ၀တ်မှု အရေအတွက်တွေ တိုးပွားလာနေပြီး လက်နက်ကိုင် ပဋိပက္ခတွေလည်း ပြင်းထန်လာကာ ရက်စက်ကြမ်းကြုတ်မှုနဲ့ စစ်ရာဇ၀တ်မှုတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့လည်း မစ္စတာ ကွန်ဂျန်းက မှတ်ချက်ပေးထားပါတယ်။
“ဒီဗုံးခွဲတိုက်ခိုက်မှုတွေရဲ့ ပစ်မှတ်တွေဟာ များသောအားဖြင့် အရပ်သားပစ်မှတ်တွေပါပဲ။ ကျောင်းတွေ၊ ဘုရားကျောင်းတွေ၊ ဆေးရုံတွေဟာ မကြာခဏဆိုသလို တခုတည်းသော အဆောက်အဦတွေဖြစ်ပြီး ဗုံးကြဲခံနေရတဲ့ အဆောက်အဦတွေ ဖြစ်နေပါတယ်။”
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ ဒေသတွင်း အဖွဲ့တဖွဲ့ဖြစ်တဲ့ အာဆီယံကိုလည်း မြန်မာစစ်တပ်က စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို “ထိတ်လန့်ဖွယ်ရာနှုန်းနဲ့” ကျူးလွန်ကြောင်း အခိုင်အမာ သက်သေအထောက်အထားတွေနဲ့ တုံ့ပြန်ဖို့လည်း တိုက်တွန်းထားပါတယ်။
အာဆီယံဟာ မြန်မာ့အရေးမှာ အလွန်အရေးပါတဲ့ အဖွဲ့တဖွဲ့အနေနဲ့ ပါဝင်နေပြီး စစ်အာဏာသိမ်းပြီးနောက် ရက်သတ္တပတ်တွေအတွင်းမှာ စစ်ခေါင်းဆောင်ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ အာဆီယံခေါင်းဆောင်များ အစည်းအဝေးမှာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို သဘောတူလက်မှတ်ရေးထိုးခဲ့ပေမဲ့ ခုချိန်ထိ တချက်မှ အကောင်အထည် မဖော်နိုင်သေးပါဘူး။
ဒါပေမဲ့ ဘယ်လိုပဲဖြစ်ပါစေ၊ မြန်မာမှာ အကြမ်းဖက်မှု တိုးလာသလို အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ တိုးလာတယ်လို့ မြင်တဲ့အကြောင်းနဲ့ အာဆီယံအနေနဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးကို ထောက်ခံတယ်လို့ ပြောရုံနဲ့ မလုံလောက်ဘဲ တကယ်တော့ အကြမ်းဖက်မှုတွေ ပြီးဆုံးသွားကြောင်း သေချာအောင် လုပ်ဆောင်ရမယ့် အဆင့်တွေ ရှိနေတယ်လို့ မစ္စတာ ကွန်ဂျန်းက ပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ကိုတော့ ၂၀၁၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံမှာ ကျုးလွန်တဲ့ အကြီးလေးဆုံး နိုင်ငံတကာရာဇဝတ်မှုနဲ့ တခြား နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်တာတွေအတွက် အထောက်အထားတွေ စုဆောင်းဖို့၊ စိစစ်သုံးသပ်ဖို့ ၂၀၁၈ ခုနှစ်မှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။