Home
ဆောင်းပါး
မြန်မာ့ပြည်တွင်းစစ်ရဲ့ လားရာနဲ့ အနာဂတ်မြန်မာနိုင်ငံ (အပိုင်း ၈)
DVB
·
August 3, 2024
Design-DVB

(အောက်ပါစာတမ်းသည် သြစတြေးလျနိုင်ငံအခြေစိုက် Lowy Institute မှ ထုတ်ဝေသည့် “Outrage is not a Policy: Coming to terms with Myanmar’s Fragmented State” ကို ဘာသာပြန်ထားခြင်းဖြစ်သည်။ “ဒေါသူပုန်ထခြင်းသည် မူဝါဒတခု မဟုတ်ပါ- တစစီကွဲနေသော မြန်မာနိုင်ငံကို နားလည်လက်ခံခြင်း” ဟု စာတမ်းခေါင်းစဉ်ကို ဘာသာပြန်ရပါလိမ့်မည်။ စာတမ်းရှင်မှာ Australian Defence Force Academy ၏ အကြီးတန်းကထိက မော်တန်ပက်ဒါဆင် (Morten B. Pedersen) ဖြစ်ပါသည်။ မော်တန်ပက်ဒါဆင်သည် မြန်မာ့အရေးနှင့်ပတ်သက်၍ နှစ်ပေါင်း ၂၀ ကျော် လေ့လာခဲ့သူဖြစ်ပြီး သြစတြေးလျအစိုးရ၊ ကုလသမဂ္ဂနှင့် ဥရောပသမဂ္ဂအဖွဲ့တို့အတွက် အကြံပေးအဖြစ် အလုပ်လုပ်ခဲ့သည်။)

စစ်ရေးအကူအညီ

တော်လှန်ရေးအင်အားစုဘက်ကို စစ်လက်နက်အကူအညီပေးရေးဆိုတဲ့ အယူအဆက အပေါ်ယံအားဖြင့် မှန်တဲ့ပုံပေါက်ပါတယ်။ စစ်ကောင်စီရှုံးသွားရင် တော်လှန်ရေး ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ အခွင့်အလမ်းတွေ အကြီးအကျယ် ရလာနိုင်ပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေကို အနိုင်ရအောင် အနောက်တိုင်းနိုင်ငံတွေက ကူညီနိုင်ပါတယ်။ အမေရိကန်ပြည်ထောင်စု တနိုင်ငံတည်းက ကူညီရင်တောင် ရပါတယ်။ မြန်မာစစ်ကောင်စီတပ်ဟာ လေ့လာသူတွေထင်တာထက် ပိုပြီးခိုင်မာနိုင်တာ ဖြစ်ပေမဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို လက်နက်ကောင်းကောင်း တပ်ဆင်ပေးလိုက်မယ်ဆိုရင်၊ နောက်ပြီး စစ်ကောင်စီရဲ့ လေတပ်ကို နိုင်အောင် တိုက်နိုင်မယ်ဆိုရင် စစ်ကောင်စီတပ်တွေဟာ အညံ့ခံရမှာ သေချာပါတယ်။

ဒါပေမဲ့ စစ်ရေးအကူအညီပေးတဲ့လမ်းဟာ အလွန်အန္တရာယ်များပါတယ်။ မြန်မာနိုင်ငံအတွင်းက ဒီမိုကရေစီဘက်တော်သားတွေကို အနောက်တိုင်းက အားပေးကူညီနေတာတွေဟာ အမေရိကန်အစိုးရရဲ့ အားပြိုင်မှုတွေပဲလို့ တရုတ်အစိုးရက မြင်နေခဲ့တာ ကြာပြီ။ ဒါကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေကို စစ်ရေးအကူအညီပေးတာဆိုရင် ဘယ်လိုအကူအညီမျိုးကိုမဆို တရုတ်က လက်ခံမှာမဟုတ်ပါဘူး။ သူ့ကို အန္တရာယ်ပေးတဲ့ လုပ်ရပ်လို့ပဲ မြင်ပါလိမ့်မယ်။ ဒါကြောင့် စစ်ရေးနဲ့ တုံ့ပြန်ပါလိမ့်မယ်။ အနောက်တိုင်းအစိုးရ မှန်သမျှဟာ မြန်မာနိုင်ငံထဲက စစ်ပွဲအတွင်း ပါဝင်လိုခြင်း မရှိပါဘူး။ မြန်မာနိုင်ငံတွင်းကအဖွဲ့တွေ အနေနဲ့လည်း ပါဝင်စေချင်တာမျိုး မရှိသင့်ပါဘူး။ နိုင်ငံခြားတပ်ဖွဲ့တွေ ပါဝင်လာမယ်ဆိုရင် စစ်ပွဲက ပိုပြီး သက်ဆိုးရှည်သွားမှာ ဖြစ်သလို အကြမ်းဖက်မှုတွေကလည်း ပိုဆိုးရွားလာပါလိမ့်မယ်။ တရုတ်ရဲ့ မဟာဗျူဟာ အကျိုးစီးပွား (စီးပွားရေးအပါအဝင်) တွေကို ခြိမ်းခြောက်လာမယ်ဆိုရင် တရုတ်ရဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က မြန်မာပြည်ထဲကို ချက်ချင်းဝင်လာနိုင်ပါတယ်။ တရုတ်အစိုးရအနေနဲ့ ဒါကို နာရီပိုင်းအတွင်း ဖြစ်အောင်လုပ်နိုင်တယ်။ အမေရိကန် အစိုးရကတော့ လုပ်လည်း လုပ်ချင်မှာ မဟုတ်သလို လုပ်လည်း လုပ်နိုင်မှာ မဟုတ်ပါဘူး။

စစ်ရေးအကူအညီပေးတာကလွဲပြီး တော်လှန်ရေးအင်အားစုတွေကို အကူအညီပေးစရာ မရှိတာ မဟုတ်ပါဘူး။ အများပြည်သူကို ပိုပြီးထိရောက်တဲ့ အကူအညီတွေ ပေးနိုင်ပါတယ်။ ရေရှည်အကျိုးရှိတဲ့ အကူအညီတွေ ပေးနိုင်ပါတယ်။

စင်ပြိုင် “နိုင်ငံတည်ဆောက်ခြင်း”

နိုင်ငံတကာထောက်ပံ့ကူညီရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးတဲ့အခါ လက်နက်ကိုင် တော်လှန်ရေးကို ကူညီပံ့ပိုးဖို့ကိုပဲ အဓိကအာရုံစိုက်ကြပေမဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ အုပ်ချုပ်ရေးကို ထောက်ပံ့ကူညီဖို့ အခွင့်အလမ်းတွေ အများကြီးရှိပါတယ်။ ဒါက အန္တရာယ်လည်း ပိုနည်းတယ်။ စစ်ကောင်စီထိန်းချုပ်မှုအောက်က လွတ်နေတဲ့ နယ်မြေတွေထဲမှာ အပြိုင်လုပ်နေတဲ့ နိုင်ငံတည်ဆောက်ရေးတွေကို နိုင်ငံတကာအနေနဲ့ ထောက်ပံ့အားပေးမယ်ဆိုရင် အဲဒီကူညီမှုဟာ စစ်ရေးအကူအညီနဲ့ လူသားချင်းစာနာမှု အကူအညီ ကြားထဲမှာ ဆက်စပ်ပေးတဲ့ တံတားတခု ဖြစ်လာပါမယ်။ (စစ်ရေးအကူအညီက အန္တရာယ်များလွန်းပြီး လူသားချင်းစာနာမှု အကူအညီတွေက နိုင်ငံရေးနဲ့ လုံးဝ မပတ်သက်သလို ဖြစ်နေပါတယ်)။ ဒါနဲ့ပတ်သက်တဲ့ အလုပ်က နယ်ပယ်လေးခုအတွင်းမှာ ပါဝင်နေပါတယ်။ ဒီနယ်ပယ်လေးခုဟာ သီးခြားလိုဖြစ်နေပေမဲ့ လက်တွေ့မှာတော့ အပြန်အလှန် ဆက်စပ်နေပါတယ်။

၁။ တော်လှန်ရေးအင်အားစုတွေ လက်လှမ်းမီတဲ့နေရာမှန်သမျှမှာ လူမှုရေးဝန်ဆောင်မှုတွေကို ကူညီပံ့ပိုးရေး၊

ဒီအလုပ်ထဲမှာ အခြေခံကျတဲ့ လူသားချင်းစာနာမှု အကူအညီတွေ ပါဝင်ပါမယ်။ အစားအစာ၊ သောက်ရေနဲ့ နေထိုင်စရာတွေ ပါဝင်တယ်။ အခြေအနေပေးရင်တော့ ပညာရေး၊ ကျန်းမာရေးနဲ့ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်တွေလည်း ပါဝင်ပါမယ်။ ဒီအလုပ်အများစုကို  ရပ်ရွာဒေသ အခြေပြု အဖွဲ့အစည်းတွေက ဆောင်ရွက်ပါမယ်။ ဒီလုပ်ငန်းအဆင်ပြေဖို့ ဒေသခံ နိုင်ငံရေးအာဏာပိုင်တွေကို ငွေကြေးအကူအညီပေးဖို့ လိုပါတယ်။ ဒေသအဖွဲ့အစည်းတွေနဲ့ ဆက်ဆံရေး အားကောင်းလာအောင် လုပ်ဖို့နဲ့ ဒေသလိုအပ်ချက်တွေ ဖြည့်ဆည်းပြီး တရားဝင်မှု တည်ဆောက်ဖို့ ဖြစ်ပါတယ်။ ဒေသအဖွဲ့အစည်းတွေကတဆင့် လူသားချင်းစာနာမှု အကူအညီတွေကို ပေးဝေတာဟာ ဒေသခံ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကို တည်ဆောက်ဖို့ လိုအပ်တဲ့ ရေရှည်မဟာဗျူဟာရဲ့ အစိတ်အပိုင်းပဲ ဖြစ်ပါတယ်။ ဒါကို လူသားချင်းစာနာမှု အကူအညီပေးရေးမှာ လိုအပ်တဲ့နေရာကို ဖြည့်ပေးတာမျိုးလောက် မမြင်သင့်ပါဘူး။ ဒါကြောင့် ဒီဒေသအဖွဲ့အစည်းတွေကို လုပ်ရည်ကိုင်ရည်ရှိအောင် ကူညီဖို့ အထွေထွေကုန်ကျစရိတ် အတွက် ငွေကြေးထောက်ပံ့တာမျိုးတွေ ပါဝင်သင့်ပါတယ်။ သင်တန်းပေးတာမျိုးတွေ ပါဝင်သင့်ပါတယ်။

၂။ ရဲလုပ်ငန်း၊ တရားစီရင်ရေးလုပ်ငန်း၊ သဘာဝသယံဇာတ စီမံရေးလုပ်ငန်း၊ ကျန်းမာရေးလုပ်ငန်း၊ ပညာရေးလုပ်ငန်း စတဲ့ အစိုးရလုပ်ငန်းတွေကို အချက်အခြာကျတဲ့ နယ်မြေများအတွင်း တည်ဆောက်ရာမှာ စင်ပြိုင်နိုင်ငံရေးအာဏာပိုင်တွေကို ကူညီရေး၊

ဒီလုပ်ငန်းတွေက သမားရိုးကျ အစိုးရလုပ်ငန်းတွေလိုပဲ မူဝါဒချမှတ်တာကို ကူညီတာကနေ စီမံအုပ်ချုပ်ရေး အဖွဲ့အစည်းတွေ အားကောင်းအောင် ကူညီတာနဲ့ လူမှုဝန်ထမ်းလုပ်ဖို့ ငွေထောက်ပံ့တာအထိ ပါဝင်ပါတယ်။ စင်ပြိုင်နိုင်ငံရေးအာဏာပိုင်တွေ အနေနဲ့ သူ့ဘာသာ အဆင်ပြေပြေ လည်ပတ်နေတဲ့ လုပ်ငန်းတွေကို ဝင်ရောက်ထိန်းချုပ်တာမျိုး၊ အပိုင်ဝင်စီးတာမျိုး လုပ်ပြီး အခြေခံလူထုရဲ့ အင်အားကို အတင်းရယူတာ မလုပ်မိဖို့ အလွန်အရေးကြီးပါတယ်။ ကိုယ့်ဒေသကို ကိုယ့်ဘာသာအုပ်ချုပ်တဲ့အလုပ်မှာ အကန့်အသတ်တွေရှိတာကို နားလည်ရပါမယ်။ ရပ်ရွာဒေသအခြေပြု အဖွဲ့အစည်းတွေဟာ ဒေသခံ နိုင်ငံရေးအာဏာပိုင်တွေဆီက အကြံဉာဏ်တွေ၊ ညွှန်ကြားမှုတွေနဲ့ ငွေကြေးရန်ပုံငွေတွေကို ပုံမှန်ရယူဖို့ ကြိုးစားကြမှာပါ။

၃။ တော်လှန်ရေးအဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO များ၊ စစ်ကောင်စီ ဆန့်ကျင်တဲ့ နိုင်ငံရေးအဖွဲ့များကြားက ဆွေးနွေးပြောဆိုမှုတွေကို ထောက်ပံ့ကူညီရေး၊

ဖော်ပြပါအဖွဲ့တွေမှာ ဘုံရန်သူသတ်မှတ်ချက် ရှိပြီးသားဖြစ်ပါတယ်။ ဒါပေမဲ့ အာဏာခွဲဝေရေး၊ အရင်းအမြစ် ခွဲဝေရေးနဲ့ ပိုင်နက်နယ်မြေ ခွဲဝေရေးမှာတော့ တင်းမာမှုတွေ ရှိနေပါတယ်။ နိုင်ငံဖွဲ့စည်းပုံအခြေခံဆိုင်ရာ ကိစ္စရပ်တွေမှာ သဘောတူဖို့ ညှိနှိုင်းဆွေးနွေးလာရပြီဆိုရင် အဆိုပါအရေးတွေမှာ ပိုပြီး တင်းမာလာကြမှာပါ။ ဒါကြောင့် အရေးပါတဲ့ အဖွဲ့တွေအကြား ယုံကြည်မှုခိုင်မာအောင် တည်ဆောက်ဖို့အတွက် ကူညီထောက်ပံ့ရေးက အလွန်အရေးကြီးပါတယ်။ နိုင်ငံလုံးဆိုင်ရာအတွက်ရော ဒေသဆိုင်ရာအတွက်ရော အဓိကကျတဲ့ မူဝါဒကိစ္စတွေမှာ ဘုံသဘောတူညီချက်တွေ ရရှိအောင် လုပ်ကြဖို့ကိုလည်း ကူညီရမှာ ဖြစ်ပါတယ်။

၄။ တော်လှန်ရေးအဖွဲ့တွေကြားမှာ အခြေခံတန်ဖိုးတွေ စံသတ်မှတ်ချက်တွေကို လက်ခံအောင် အားပေးရေး၊

ဒီအလုပ်က အနောက်တိုင်း အင်စတီကျူးရှင်းတွေကို မဆင်မခြင် ပုံတူကူးတဲ့ နည်းလမ်းဟောင်းတွေဆီ ပြန်သွားဖို့ တိုက်တွန်းတာ မဟုတ်ပါဘူး။ စင်ပြိုင်နိုင်ငံ တည်ဆောက်ရေးအတွက် ထောက်ပံ့ကူညီမှုတွေဟာ သူ့ဘာသာ ဖြစ်ထွန်းလာတဲ့ အဖွဲ့အစည်းတွေကို ကူညီထောက်ပံ့ရေးပဲ ဖြစ်သင့်ပါတယ်။ နိုင်ငံတကာ အကူအညီတွေက အုပ်စုတွေကြားထဲက အင်အားချိန်ခွင်လျှာအပေါ်မှာ အကျိုးသက်ရောက်မှု ရှိမှာဆိုတော့ ဒီလိုအကူအညီတွေ မှန်သမျှဟာ အပြုသဘောဆောင်တဲ့ အုပ်ချုပ်ရေးပုံစံတွေကိုပဲ ကူညီဖို့ပဲ အသုံးချသင့်ပါတယ်။ လူ့အခွင့်အရေးနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေတွေကို လေးစားလိုက်နာတဲ့၊ အားလုံးပါဝင်ပြီး အရပ်သားတွေ ဦးဆောင်တဲ့ အဖွဲ့အစည်းမျိုး တည်ဆောက်ဖို့ ဒေသခံတွေရဲ့ ကြိုးစားအားထုတ်မှုတွေကိုပဲ အဓိကဦးစားပေးပြီး ကူညီရမှာ ဖြစ်ပါတယ်။

စင်ပြိုင်နိုင်ငံတည်ဆောက်ရေးအတွက် နိုင်ငံတကာရဲ့ ကူညီထောက်ပံ့မှုဟာ ဗဟိုအစိုးရနဲ့တွဲပြီး အလုပ်လုပ်နေတဲ့ အလှူရှင်တွေကို အခက်တွေ့စေပါတယ်။ အစိုးရမဟုတ်တဲ့ လက်နက်ကိုင် အုပ်စုတွေနဲ့တွဲပြီး အလုပ်လုပ်ဖို့ဆိုတာက အလှူရှင်အများစုအတွက် အထူးအကဲဆတ်တဲ့ကိစ္စ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကမ္ဘာတခုလုံးက ဒေသအခြေပြု အကူအညီဆိုတာကို တောင်းဆိုနေတာနဲ့တော့ ကိုက်ညီနေတာ အမှန်ပါပဲ။ ဒီနေ့ မြန်မာနိုင်ငံအတွင်းက တော်လှန်ရေး အရှိတရားတွေနဲ့လည်း ကိုက်ညီပါတယ်။ စင်ပြိုင်နိုင်ငံ တည်ဆောက်ရေး ဆိုတာက ဒေသအဖွဲ့အစည်းတွေကို ကူညီနိုင်ရုံသာမကဘဲ တော်လှန်ရေးအင်အားစုတွေ အချင်းချင်း ခိုင်မာတဲ့ဆက်စပ်မှု လုပ်နိုင်အောင် အားပေးကူညီတာလည်း ဖြစ်ပါတယ်။ တော်လှန်ရေးအင်အားစုတွေနဲ့ ဒေသခံအဖွဲ့အစည်းကြားမှာ ခိုင်မာတဲ့ဆက်ဆံရေး တည်ဆောက်နိုင်အောင် ကူညီတာလည်း ဖြစ်ပါတယ်။ တနည်းပြောရရင် စစ်ပွဲကို မြန်မြန်ပြီးဖို့နဲ့ ငြိမ်းချမ်းရေးကို အမြန်ဆုံးတည်ဆောက်နိုင်ဖို့ ကူညီတာလို့ ဆိုနိုင်တယ်။

နိဂုံးချုပ်

မြန်မာ့ပြည်တွင်းစစ်ရဲ့ လားရာကို ကြည့်လိုက်ရင် တော်လှန်ရေးဘက်က အရေးသာနေတာ ထင်ရှားပါတယ်။ ဒါပေမဲ့ တိုက်ပွဲတွေကတော့ ရှေ့ဆက်နေပါလိမ့်ဦးမယ်။ စစ်ကောင်စီဆန့်ကျင်တဲ့ အဖွဲ့တွေက နောက်ဆုံးမှာ အနိုင်ရမယ် ဆိုရင်တောင် စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကို တည်ဆောက်ရေးအတွက် နှစ်ပေါင်းများစွာ ကျော်ဖြတ်ရပါဦးမယ်။ လက်နက်ကိုင်အဖွဲ့တွေနဲ့ အရပ်သားအဖွဲ့တွေ အများအပြားကြားမှာ အလွန်ရှုပ်ထွေးတဲ့ ညှိနှိုင်းဆွေးနွေးပွဲတွေ လုပ်ရပါဦးမယ်။ နိုင်ငံရေးအရ တင်းမာမှုတွေ ပြည့်နေတဲ့ ဆွေးနွေးညှိနှိုင်းမှုတွေကို လုပ်ရပါဦးမယ်။ ဒီအဖွဲ့တွေမှာ စစ်ကောင်စီတပ်ကို မုန်းတီးတာတခုပဲ တူညီတာရှိပြီး မြန်မာနိုင်ငံဆိုတဲ့ အချုပ်အခြာအတွင်းမှာ အတူတကွ နေထိုင်ဖို့ ဆိုတာကျတော့ စိတ်ဆန္ဒမပြင်းပြကြပါဘူး။ ဒါကြောင့် ဆွေးနွေးညှိနှိုင်းမှုတွေက နှစ်တွေများစွာ ကြာပါလိမ့်မယ်။

မြန်မာ့အရေးနဲ့ပတ်သက်ရင် သြဇာအရှိဆုံး ပြင်ပနိုင်ငံကတော့ တရုတ်နိုင်ငံပဲဆိုတာ သံသယရှိစရာ မလိုပါ။ အနောက်တိုင်းအစိုးရနဲ့ စိတ်တူကိုယ်တူနိုင်ငံတွေ အနေနဲ့လည်း သူတို့သြဇာကို ပိုကြီးမားအောင် လုပ်နိုင်ပါတယ်။ တော်လှန်ရေးအင်အားစုတွေနဲ့ သူတို့ မဟာမိတ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေဒေသတွေမှာ စင်ပြိုင်နိုင်ငံတည်ဆောက်ရေး မဟာဗျူဟာကြီးတခုကို ခိုင်ခိုင်မာမာ ချမှတ်ကူညီတဲ့နည်းနဲ့ လုပ်နိုင်ပါတယ်။ ဒါက အသစ်ဖန်တီးတဲ့အလုပ်တွေ လိုအပ်သလို နိုင်ငံရေးအရ စွန့်စားမှုတွေလည်း လိုအပ်ပါတယ်။ ကိုယ်စားပြုအလုပ်နဲ့ ပတ်သက်တဲ့ စွန့်စားမှုတွေလည်း လုပ်ရမှာပါ။ သံတမန်ရေး ကျွမ်းကျင်လိမ္မာဖို့ လိုအပ်သလို တရုတ်အပါအဝင် အိမ်နီးချင်း နိုင်ငံတွေနဲ့ စကားပြောဖို့လည်း လိုပါတယ်။ ပြင်ပစွက်ဖက်မှုနဲ့ ဆက်စပ်နေတဲ့ ဒေသဆိုင်ရာ အကဲဆတ်မှုတွေကို စီမံဖို့အတွက် ဖြစ်ပါတယ်။ ဒီမဟာဗျူဟာက ရှေ့ကိုမျှော်ကြည့်ပြီး အကျိုးပြုသဘော ပိုပါဝင်တဲ့ အချက်တွေကို အနောက်တိုင်းမူဝါဒအတွင်းမှာ ‌ဖြည့်ဆည်းပေးပါလိမ့်မယ်။ ပြည်တွင်းစစ်လားရာက ဘာပဲဖြစ်ဖြစ်၊ ပြည်တွင်းစစ်နောက်မှာ မြန်မာနိုင်ငံသစ် တည်ဆောက်ရေး ကြိုးပမ်းမှုတွေက ဘာပဲဖြစ်ဖြစ် ဒီမဟာဗျူဟာကနေ အကျိုးအမြတ် ထွက်လာမှာ သေချာပါတယ်။ အတိုချုပ်ရရင် ဒီမဟာဗျူဟာက အနောက်တိုင်း နိုင်ငံတွေကို မြန်မာနိုင်ငံရဲ့ အနာဂတ်ဖွံ့ဖြိုးမှုနဲ့ လိုက်လျောညီထွေ ဖြစ်နေအောင် ကူညီပေးပါလိမ့်မယ်။

မြန်မာ့ပြည်တွင်းစစ်ရဲ့ လားရာနဲ့ အနာဂတ်မြန်မာနိုင်ငံ (အပိုင်း ၁)

မြန်မာ့ပြည်တွင်းစစ်ရဲ့ လားရာနဲ့ အနာဂတ်မြန်မာနိုင်ငံ ( အပိုင်း ၂)

မြန်မာ့ပြည်တွင်းစစ်ရဲ့ လားရာနဲ့ အနာဂတ်မြန်မာနိုင်ငံ (အပိုင်း ၃)

မြန်မာ့ပြည်တွင်းစစ်ရဲ့ လားရာနဲ့ အနာဂတ်မြန်မာနိုင်ငံ ( အပိုင်း ၄)

မြန်မာ့ပြည်တွင်းစစ်ရဲ့ လားရာနဲ့ အနာဂတ်မြန်မာနိုင်ငံ ( အပိုင်း ၅)

မြန်မာ့ပြည်တွင်းစစ်ရဲ့ လားရာနဲ့ အနာဂတ်မြန်မာနိုင်ငံ (အပိုင်း ၆)

မြန်မာ့ပြည်တွင်းစစ်ရဲ့ လားရာနဲ့ အနာဂတ်မြန်မာနိုင်ငံ (အပိုင်း ၇)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024