Home
ဆောင်းပါး
တော်လှန်ရေးကို စောင့်စားနေတဲ့ အီရန်က မျိုးဆက်သစ် ဂျန်ဇီလူငယ်တွေ
DVB
·
July 30, 2024
Design-DVB

ဂျင်းဘောင်းဘီ အပွတထည်၊ မျက်နှာကို မမှတ်မိနိုင်စေဖို့ မျက်နှာစည်းအမည်းတို့ကို ဝတ်ဆင်ပြီး လွယ်အိတ်ကို ပခုံးတဖက်တည်းကနေ လွယ်ထားတဲ့ အီရန်အမျိုးသမီးငယ် တဦးဟာ သူရဲ့ ဆံနွယ်အတွန့်တွေကို လွတ်လွတ်လပ်လပ် ဖြန့်ချလိုက်ပြီး အစ္စလာမ္မစ် သမ္မတနိုင်ငံတော်က ပြဋ္ဌာန်းထားတဲ့ အမျိုးသမီးတွေ ဝတ်စားဆင်ယင်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်ပါတယ်။ ဒီနောက် သူဟာ သန့်ရှင်းတဲ့ မက်ရှ်ဟတ်မြို့တော်က နံရံတခုပေါ်မှာ “နောက်တယောက်က မင်းပဲ ခါမေနီ” လို့ အဓိပ္ပာယ်ရတဲ့ စာကြောင်းတခုကို မှုတ်ဆေးဘူးတွေနဲ့ ရေးထိုးသွားခဲ့ပါတယ်။

အီရန်နိုင်ငံရဲ့ အဓိပတိခေါင်းဆောင် အလီ ခါမေနီအတွက် သူ့ရဲ့ အထက်ပါ သတိပေးချက်ဟာ အီရန်သမ္မတ အီဗရာဟင်ရိုင်အီစီရဲ့ ရဟတ်ယာဉ်ပျက်ကျ သေဆုံးမှုအပြီး နောက်တနေ့မှာပဲ ထွက်ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။ မစ္စတာရိုင်အီစီရဲ့‌ မွေးရပ်မြေမှာ ရိုက်ကူးထားတဲ့ အထက်ပါ အာဏာဖီဆန်တဲ့လုပ်ရပ်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားပါတယ်။ အဲဒီလို လုပ်ရပ်မျိုးဟာ အီရန်နိုင်ငံအတွက် ထူးခြားနေပြီး အီရန်နိုင်ငံရဲ့ လူငယ်အများစုဟာ လက်ရှိ နိုင်ငံ့အခြေအနေအပေါ် အလွန်အမင်း စိတ်ပျက်နေကာ အီရန်အစိုးရ ထိပ်သီးခေါင်းဆောင် လူအိုတွေကို ဖယ်ရှားချင်နေကြတာလည်း ဖြစ်ပါတယ်။

မကြာသေးမီက ရိုင်အီစီရဲ့နေရာကို အစားထိုးဖို့ ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ အီရန်လူထု အများစုကြီးက အာရေဗျဘာသာစကားနဲ့ နီဇမ် (Nezam) လို့ခေါ်တဲ့ ဖွဲ့စည်းပုံစနစ်ကို ဆန့်ကျင်ပြီး ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တာကြောင့် အီရန်လူငယ်တွေရဲ့ မကျေနပ်ချက်တွေက ရွေးကောက်ပွဲအတွက် အရေးပါလာခဲ့ပါတယ်။

အစိုးရရဲ့ တရားဝင်စစ်တမ်းတွေအရ မဲပေးခွင့်ရှိသူ ၄၀ ရာခိုင်နှုန်းကသာ ဇွန် ၂၈ ရက်မှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲ ပထမအသုတ်မှာ မဲပေးခဲ့ကြပြီး အဲဒီအရေအတွက်ဟာ အစ္စလာမ္မစ်သမ္မတနိုင်ငံရဲ့ ၄၅ နှစ်ကြာ သမိုင်းမှာ အနိမ့်ဆုံးဖြစ်ပါတယ်။

အဆိုပါ ကိန်းဂဏန်းဟာ ပြီးခဲ့တဲ့အပတ်က တကျော့ပြန် ရွေးကောက်ပွဲမှာတော့ ၅၀ ရာခိုင်နှုန်း အထိ တိုးလာခဲ့ပေမဲ့ အမှန်တကယ်မဲပေးသူ အရေအတွက်ဟာ ပိုပြီးတောင် နည်းနိုင်တယ်လို့ တချို့က သံသယရှိနေကြပါတယ်။ အီရန်နိုင်ငံရဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှုရော လွတ်လပ်မှုပါ ကင်းမဲ့နေပြီး နိုင်ငံတဝန်း ရိုက်ကူးထားတဲ့ ဗီဒီယိုတွေအရ ရွေးကောက်ပွဲ မဲပေးရုံတွေမှာလည်း လူသူကင်းမဲ့နေတာကို မြင်တွေ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဆုံးသတ်မှာတော့ ပြန်လည်ထူထောင်ရေးသမားလို့ ခေါ်ကြတဲ့ မာဆော့ ပီဇက်ရှ်ကီရန်က တင်းမာတဲ့ သဘောထားရှိတဲ့ ဆာယိ ဂျာလီလီကို အနိုင်ရခဲ့ပါတယ်။

ဒါပေမဲ့ နှစ်ယောက်လုံးကတော့ အီရန်လူထု သန်းချီအတွက် လက်ခံနိုင်တဲ့ ရွေးချယ်စရာ မဟုတ်နေပါဘူး။ သူတို့နှစ်ယောက်လုံးဟာ အဖွဲ့ဝင် ၁၂ ဦးပါတဲ့ လုံခြုံရေးကောင်စီက အတည်ပြုထားတဲ့ သမ္မတလောင်းတွေဖြစ်ပြီး လုံခြုံရေးကောင်စီ ၁၂ ဦးထဲက ၆ ဦးဟာ အဓိပတိခေါင်းဆောင် ခါမေနီက ခန့်အပ်ထားတဲ့လူတွေပဲ ဖြစ်ပါတယ်။  ဒါပေမဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်ကြတဲ့ ကိစ္စကတော့ အုပ်ချုပ်သူ‌တွေအပေါ် ရိုက်ခတ်သွားခဲ့ပါတယ်။ အဓိပတိခေါင်းဆောင် ခါမေနီဟာဆိုရင် အီရန်ပြည်သူတွေရဲ့ အခုတကြိမ် မဲပေးမှုကို ဂုဏ်ပြုတဲ့ သတင်းစကား ပေးပို့ဖို့အတွက် သာမန်ထက်ပိုပြီး အချိန်ယူခဲ့ပါတယ်။ ဒါပေမဲ့ အခုလို လူထုသပိတ်မှောက်မှုမှာ အတိုက်အခံအစုအဖွဲ့တွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ ကျဆုံးသွားတဲ့ ဆန္ဒပြသူတွေရဲ့ ကျန်ရစ်သူမိသားစုတွေ ပါဝင်နေတဲ့ အချက်က သူတို့အနေနဲ့ အစ္စလာမ္မစ်နိုင်ငံတော်ကို အလိုမရှိကြောင်း အီရန်အစိုးရနဲ့ ကမ္ဘာကြီးကို မီးမောင်းထိုးပြခဲ့ပါတယ်။  အခုလိုအဖြစ်အပျက်ဟာ အီရန်ရဲ့ အုပ်စိုးသူတွေ ထင်မှတ်မထားတဲ့ အပြောင်းအလဲ ဖြစ်ပါတယ်။

ရွေးကောက်ပွဲကို ကြေညာပြီးနောက်ပိုင်းမှာပဲ #NoWayI’llVote (ကျွန်ုပ်မဲပေးမည်မဟုတ်)၊ #ElectionCircus (ဟန်ပြရွေးကောက်ပွဲ) စတဲ့ အထူးပြုစကားလုံး hashtag တွေနဲ့အတူ မဲမပေးဖို့ တိုက်တွန်းချက်တွေဟာ လူမှုကွန်ရက်စာမျက်နှာ X မှာ ပျံ့နှံ့လာခဲ့ပါတယ်။ အီရန်နိုင်ငံအတွင်းက မတူညီတဲ့ နိုင်ငံရေးသဘောထားတွေအပေါ် ခွဲခြမ်းစိတ်ဖြာထားတဲ့ အဖွဲ့တခုရဲ့ ဇွန်လ စစ်တမ်းအရ မဲမပေးဖို့ ဆုံးဖြတ်ထားတဲ့ အီရန်နိုင်ငံသားတွေရဲ့ ၇၀ ရာခိုင်နှုန်း နီးပါးရဲ့ အကြောင်းပြချက်ဟာ အစ္စလာမ္မစ်နိုင်ငံတော်တခုကို မလိုချင်လို့ ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဇူလိုင် ၅ ရက်မှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲ ဒုတိယပိုင်း မတိုင်ခင်မှာ အမျိုးသမီးတွေ ဝတ်စားဆင်ယင်မှုဆိုင်ရာ ကန့်သတ်မှုတွေနဲ့ ဆက်စပ်တဲ့ အကြမ်းဖက်မှုတွေကို ဆန့်ကျင်ပြီး အနောက်တိုင်းဆန်တဲ့ ယဉ်ကျေးမှုအပေါ် ပိုမိုထောက်ခံတဲ့ မစ္စတာ ပီဇက်ရှ်ကီရန်ကို လျှို့ဝှက်မဲပေးမယ့်သူတွေအပေါ် ဝေဖန်ထားတဲ့ #TreacherousMinority (သစ္စာဖောက်လူစု) ဆိုတဲ့ hashtag တခု လူမှုကွန်ရက်စာမျက်နှာမှာ ထပ်မံထွက်ပေါ်လာခဲ့ပါတယ်။ မိမိရဲ့ လက်ညှိုးကို မင်ရည်တို့ပြီး မဲပေးတာဟာ ဆန္ဒပြသူတွေရဲ့ သွေးကို လက်မှာသုတ်ပြီး မဲပေးတာနဲ့ အတူတူပဲလို့လည်း တချို့ကဆိုပါတယ်။

ဆိုရှယ်မီဒီယာပေါ်မှာ ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ ဆုံးဖြတ်ထားသူ အများစုကတော့ ဂျန်ဇီ (Gen Z) မျိုးဆက်လို့ခေါ်တဲ့ အသက် ၃၀ မကျော်တဲ့ လူငယ်တွေပဲ ဖြစ်ပါတယ်။ ဂျန်ဇီ ဆိုတဲ့ ဝေါဟာရဟာ မကြာသေးမီကမှ ပါရှန်းအဘိဓာန်ထဲကို ရောက်ရှိလာတာဖြစ်ပြီး အီရန်လူဦးရေ သန်း ၉၀ ရဲ့ ၆၀ ရာခိုင်နှုန်းလောက်ဟာ အသက် ၃၀ အောက်တွေ ဖြစ်ကြပါတယ်။ သူတို့ဟာ အီရန်နိုင်ငံမှာ ပထမဆုံးအနေနဲ့ တရားမဝင် ဂြိုဟ်တုဆက်သွယ်ရေးတွေ၊ VPN တွေကို အသုံးပြုပြီး ပိတ်ပင်ထားတဲ့ အင်တာနက်ကွန်ရက်ပေါ် ရောက်ရှိလာကာ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်လုပ်ရင်း ကြီးပြင်းလာကြတဲ့သူတွေလည်း ဖြစ်ပါတယ်။ သူတို့အနေနဲ့ လိုအပ်တဲ့ လူငယ်အခွင့်အရေးတွေ မရရှိဘဲ အရွယ်ရောက်လာချိန်မှာ အီရန် ဂျန်ဇီလူငယ်တွေဟာ သူတို့ရဲ့ ဘဝတိုးတက်ဖို့ သမ္မတအဆက်ဆက်က ကတိပြုခဲ့တာတွေ၊ အခြေအနေတွေက ပိုသာဆိုးလာပြီး ဆန္ဒပြပွဲတွေ ဖြစ်ပေါ်လာတာ၊ ဆန္ဒပြပွဲတွေကို အကြမ်းဖက် ဖြိုခွင်းခံရတာတွေကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပါတယ်။

အဲဒီလို ဆန္ဒပြမှုတွေအပေါ် အကြမ်းဖက် တုံ့ပြန်မှုတွေဟာ သွေးရောင်လွှမ်းတဲ့ နိုဝင်ဘာလို့ အမည်တွင်ခဲ့တဲ့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်းမှာ အင်တာနက်ဖြတ်တောက် သတင်းအမှောင်ချမှုတွေနဲ့အတူ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကလေးသူငယ်တွေ အပါအဝင် ဆန္ဒပြသူ ၁,၅၀၀ ကျော်ကို အကြမ်းဖက် နှိမ်နင်းလိုက်ချိန်မှာ အဆိုးဆုံးအခြေအနေကို ရောက်ရှိခဲ့ပါတယ်။ အဲဒီလို အကြမ်းဖက်မှုတွေဟာ နိုင်ငံကို စီးပွားရေးတိုးတက်အောင် ပြုလုပ်ပြီး အနောက်နိုင်ငံတွေအပေါ် နျူးကလီးယား သဘောတူညီမှုကနေတဆင့် ရင်းနှီးမှု တိုးပွားစေမယ်လို့ ကတိပြုခဲ့တဲ့ သမ္မတ ဟတ်ဆန် ရိုဟာနီရဲ့ လက်ထက်မှာ ဖြစ်ပွားခဲ့တာကြောင့် လက်ရှိစနစ်ကြီးအောက်ကနေဆိုရင် ဘယ်သူပဲအာဏာရရ တကယ့် အချုပ်အခြာ အာဏာကတော့ အဓိပတိခေါင်းဆောင်ကြီးအပေါ်မှာပဲ မူတည်နေမယ်ဆိုတာ သေချာသွားခဲ့ပါတယ်။ ၃ နှစ်အကြာမှာတော့ အီရန်လူငယ် ထောင်ပေါင်းများစွာဟာ သပိတ်ရှေ့တန်းမှာ ကျည်ဆန်တွေနဲ့ သံတုတ်တွေကို အံတုကာ အမျိုးသမီးရေးရာ၊ ဘဝရှေ့ရေး၊ လွတ်လပ်ရေးနိုးကြားမှုတွေနဲ့ ပတ်သက်ပြီး လနဲ့ချီကြာမြင့်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပြီး အဲဒီလှုပ်ရှားမှုတွေဟာ အီရန် ထိပ်ပိုင်း‌ခေါင်းဆောင်တွေကို သူတို့အုပ်စိုးခဲ့တဲ့ ဆယ်စုနှစ်တလျှောက်မှာ အကြီးကျယ်ဆုံးအဖြစ် ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။

နည်းပညာနဲ့ ရင်းနှီးကျွမ်းကျင်တဲ့ လူငယ်အများစုဟာ ဆိုရှယ်မီဒီယာ အသုံးပြုဖို့ ဂြိုဟ်တုဆက်သွယ်ရေးတွေ၊ ဗီပီအန်(VPN) တွေ အသုံးပြုပြီး အင်တာနက်ပေါ်က ပိတ်ဆို့မှုတွေကို ရှောင်ရှားနေရတဲ့အချိန်မှာ ရေပေါ်ဆီအလွှာက လူချမ်းသာ သားသမီးတွေကတော့ စနစ်ပြိုလဲမှုတွေအပေါ် ကိုယ်ကျိုးရှာတဲ့ တရားမဝင် စီးပွားရေးလုပ်ငန်းတွေကနေ ရတဲ့ အကျိုးအမြတ်တွေနဲ့ နောက်ဆုံးပေါ် မက်ဆာရ်တီ (Maserati) ပြိုင်ကားတွေ၊ ရွှေပတ်ထားတဲ့ တန်ဖိုးကြီး အစားအစာတွေနဲ့ သူတို့ရဲ့ဘဝကို အကောင်းဆုံး ဖြတ်သန်းနေကြတာကို လူမှုကွန်ရက် မီဒီယာတခုဖြစ်တဲ့ အင်စတာဂရမ်မှာ မြင်တွေ့နေရတာ ဖြစ်ပါတယ်။ အီရန်ဟာ အရင်းမြစ်ကြွယ်ဝတဲ့ နိုင်ငံတခုဖြစ်ပေမဲ့ နိုင်ငံသားတွေရသင့်တဲ့ အကျိုးအမြတ်အများစုဟာ ဟားမတ်စ်နဲ့ ဟစ်ဇ်ဘိုလာတို့လို ခရိုနီတွေရဲ့ အိတ်ထဲကို စီးဝင်နေတဲ့အတွက် သာမန် အီရန်နိုင်ငံသားတယောက်ဟာ ငွေကြေးဖောင်းပွမှုတွေကြောင့် ရှင်သန်ရပ်တည်ဖို့ ခက်ခဲလာပါတယ်။ အီရန်နိုင်ငံသား ၃၀ ရာခိုင်နှုန်းခန့်ဟာ ဆင်းရဲမွဲတေမှု စံသတ်မှတ်ချက်မျဉ်းရဲ့ အောက်ကို ရောက်ရှိနေကြပါတယ်။

“အခြေအနေတွေက ‌ဆိုးသထက် ဆိုးလာတာကြောင့် အီရန်လူငယ်တွေအတွက် အနာဂတ်ဆိုတာ မရေရာတော့ပါဘူး” လို့ ၂၀၂၂ ခုနှစ် အုံကြွမှုအတွင်း လုံခြုံရေးတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် မိခင်ဖြစ်သူကို ဆုံးရှုံးခဲ့ရပြီး နောက်ပိုင်း နိုင်ငံစွန့်ခွာကာ ဗြိတိန်နိုင်ငံကို ရောက်ရှိလာတဲ့ အသက် ၂၆ နှစ်အရွယ် ရွိုင်ယာ ပီရာအီက ပြောပါတယ်။ “လက်ရှိစနစ်ဟာ ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှာမဟုတ်ဘူး” လို့လည်း သူက ပြောပါသေးတယ်။

အီရန်က ဂျန်ဇီလူငယ် အများစုကတော့ ၁၉၇၉ ခုနှစ်မှာ ရှားဘုရင်ကို ဖြုတ်ချပြီးကတည်းက အစ္စလာမ္မစ်နိုင်ငံတခု ဖြစ်လာတာကို လက်ပိုက်ကြည့်နေခဲ့ကြပြီး လက်ရှိအခါမှာလည်း ပြုပြင်ပြောင်းလဲရေးကို မျှော်ကိုးလျက် ဆက်လက်ထောက်ခံနေကြတဲ့ သူတို့ရဲ့မိဘတွေနဲ့ အဘိုးအဘွားတွေကို အပြစ်တင်ကြပါတယ်။ သူတို့ဟာ သူတို့ရဲ့ အရင်မျိုးဆက်တွေတုန်းကလိုမျိုး သဘောထားတင်းမာတဲ့ နိုင်ငံရေးသမားတွေနဲ့ ပီဇက်ရှ်ကီရန် တို့လို ပြုပြင်ပြောင်းလဲရေးသမားတွေကို မတူကွဲပြားတယ်လို့ မမြင်ကြပါဘူး။ ပန်းရောင်ကြိုးကွင်းတွေ၊ ပန်းရောင်လည်စည်း ဝတ်ဆင်ထားတဲ့ ရဲအရာရှိတွေ စတဲ့ အင်တာနက်ပေါ်က ရုပ်ပြောင်အမျိုးမျိုးဟာ ပြုပြင်ပြောင်းလဲရေး အစုအဖွဲ့တွေ အနေနဲ့လည်း အပေါ်ယံသာ အာရုံပြောင်းထားတဲ့ ဘာသာရေးအခြေပြု တည်ဆောက်မှုတွေကိုပဲ ဆက်လက်လုပ်နေဦးမယ်ဆိုတဲ့ အချက်ကို ထောက်ပြနေပါတယ်။ သူတို့ဟာ ဂျန်ဇီလူငယ်တွေ အတွက်တော့ အကြွင်းမဲ့အာဏာရှင် မစ္စတာခါမေနီရဲ့ နယ်ရုပ်ကလေးတွေသာ ဖြစ်ပါတယ်။

မစ္စတာ ပီဇက်ရှ်ကီရန်ကို မဲပေးခဲ့တဲ့ အီရန်နိုင်ငံသားတွေကတော့ သဘောထားတင်းမာတဲ့ သမ္မတဟောင်း မစ္စတာ ရာစီအီ လက်ထက်က ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေကို ယာယီရွှေ့ဆိုင်းပေးဖို့နဲ့ နိုင်ငံရဲ့ စိုးရိမ်ဖွယ် စီးပွားရေးအခြေအနေတွေအတွက် တစုံတရာ ဆောင်ရွက်ပေးဖို့ မျှော်လင့်ချက်ထားနေကြတာပဲ ဖြစ်ပါတယ်။ မစ္စတာ ပီဇက်ရှ်ကီရန်က သူ့ရဲ့ မဲဆွယ်ကာလအတွင်း တမူထူးကာ အင်္ဂလိပ်စကားစုတွေကို မိန့်ခွန်းထဲမှာ ထည့်သွင်းပြော‌ဆိုတတ်ပြီး အီရန်ရဲ့ ဘာသာရေးရဲတပ်ဖွဲ့နဲ့ အင်တာနက် ပိတ်ဆို့မှုတွေကို ဆန့်ကျင်ကြောင်း၊ အီရန်ကို နျူးကလီးယား ဆွေးနွေးဝိုင်းပေါ် ပြန်တင်ကာ အနောက်နိုင်ငံတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံ‌ေရး တည်ဆောက်သွားမှာဖြစ်ကြောင်း ကတိပြုခဲ့ပါတယ်။

အသက် ၆၉ နှစ်အရွယ် မစ္စတာ ပီဇက်ရှ်ကီရန်ဟာ နှလုံးရောဂါကုဆရာဝန်နဲ့ ပါလီမန်လွှတ်တော် အဖွဲ့ဝင်တယောက်ဖြစ်ပြီး သူ့ပတ်ဝန်းကျင်မှာ အီရန်ရဲ့ နျူးကလီးယား သဘောတူညီချက်ကို လုံခြုံအောင် ကူညီခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း မိုဟာမက် ဂျာဗက် ဇာရစ်၊ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာဆိုင်ရာ ဝန်ကြီး မိုဟာမက် ဂျာဗက် အဇာရီ ဂျာရိုမီ တို့ပါဝင်တဲ့ သမ္မတဟောင်း ရိုဟာနီ လက်ထက်က အကြံပေးတွေက ဝန်းရံထားပါတယ်။ ဂျာရိုမီဟာ ၂၀၁၉ ခုနှစ်က အင်တာနက်ပိတ်ဆို့ အမှောင်ချမှုမှာ အဓိကနေရာက ပါဝင်ခဲ့ပြီး နောက်ပိုင်းမှာလည်း လူမှုကွန်ရက်စာမျက်နှာ X ပေါ်မှာ အင်္ဂလိပ်ဗန်းစကားတခု အသုံးပြုကာ မစ္စတာ ပီဇက်ရှ်ကီရန်ကို ထောက်ခံရန် ဂျန်ဇီတွေကို တိုက်တွန်းဖို့ ကြိုးစားခဲ့ဖူးပြီး အဲဒီအပေါ် အသုံးပြုသူတဦးက “တကယ့်ကို မနှစ်မြို့စရာ ကောင်းတယ်” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ရွေးကောက်ခံသမ္မတဟာ အဓိပတိခေါင်းဆောင်ရဲ့ သဘောတူညီမှုကိုရပြီး သူ့ရဲ့အစီအစဉ်တွေကို ဆက်လုပ်နိုင်မယ်ဆိုရင်တောင် အစ္စလာမ္မစ်နိုင်ငံတော်ကို ပြုပြင်လို့ မရတော့ဘူးဆိုတာ မြင်တွေ့ပြီးသား အီရန်နိုင်ငံသားတွေအပေါ်တော့ စိတ်ကျေနပ်မှုရစေမှာ မဟုတ်ပါဘူး။ ဒါက အခုနှစ်တွေအတွင်း အစိုးရဲ့ နှိပ်စက်သတ်ဖြတ်ခြင်း ခံလိုက်ရသူတွေရဲ့ မျက်နှာတွေကို မမေ့နိုင်မယ့် ဂျန်ဇီတွေအတွက် အထူးမှန်ကန်ပါတယ်။

ဂျန်ဇီတွေအတွက်တော့ အိုမင်းတဲ့ ဘာသာရေးခေါင်းဆောင်နဲ့ သူ့အပေါင်းအပါတွေ အုပ်ချုပ်နေသရွေ့ အီရန်ဟာ လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး။

သူရိန်သွေး

Ref: The New York Times 

( The New York Times  သတင်းစာပါ Holly Dagres ရေးသားထားတဲ့  "Iran’s Gen Z Is Still Waiting for the Revolution" ဆောင်းပါးကို ဘာသာပြန်တင်ဆက်သည်။)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024