ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်းက ရုရှားနဲ့ မြောက်ကိုရီးယားတို့ လက်မှတ်ရေးထိုးထားတဲ့ လုံခြုံရေးသဘောတူညီချက်ဟာ ဒေသတွင်း မတည်မငြိမ် ဖြစ်စေတယ်လို့ ဇူလိုင် ၃၀ ရက်မှာ ပြောလိုက်ပါတယ်။
မြောက်ကိုရီးယားဟာ ရုရှားကို လက်နက်တွေပေးရင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတယ်လို့လည်း ထပ်ပြောပါတယ်။
ဝေါင်းဟာ သဘောတရားအရ စစ်ပွဲဖြစ်ပွားနေဆဲ ကိုရီးယားနှစ်နိုင်ငံကို ပိုင်းခြားထားတဲ့ စစ်တပ်ကင်းမဲ့ဇုန် (DMZ) ဆီ အလည်အပတ်သွားပြီးတဲ့နောက် အနားက ပါဂျူမြို့မှာ သတင်းထောက်တွေကို ခုလိုပြောခဲ့တာပါ။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ဟာ ဇွန်လမှာ လုံခြုံရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
စာချုပ်ထဲမှာ လက်နက်ကိုင် ရန်စမှုတွေနဲ့ ရင်ဆိုင်ရရင် နှစ်ဖက်စလုံးက စစ်ရေးအကူအညီတွေ ချက်ချင်းပေးဖို့ သဘောတူထားတဲ့ အပြန်အလှန် ကာကွယ်ရေး ကတိကဝတ်တွေ ပါပါတယ်။
အမေရိကန်အစိုးရနဲ့ မဟာမိတ်တွေဟာ ရုရှားနဲ့ မြောက်ကိုရီးယားကြား နက်ရှိုင်းတဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုကြောင့် စိုးရိမ်ထိတ်လန့်နေကြတာပါ။
ယူကရိန်းနိုင်ငံကိုတိုက်ဖို့ ရုရှားနိုင်ငံအတွက် လက်နက်တွေ ရောင်းဝယ်ဖောက်ကားခြင်းဖြင့် ရုရှားနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံစလုံးဟာ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်နေတယ်လို့ အမေရိကန်နဲ့ မဟာမိတ်တွေက စွပ်စွဲထားပါတယ်။
မြောက်ကိုရီးယားနဲ့ ရုရှားအစိုးရတို့က လက်နက်အရောင်းအဝယ် မလုပ်ထားဘူးလို့ ငြင်းဆိုထားပါတယ်။
Source-Reuters