Home
နိုင်ငံတကာ
စစ်အေးခေတ်ပုံစံ ဒုံးပျံအရေးအခင်းဖြစ်နိုင်ဟု အမေရိကန်ကို ပူတင်သတိပေး
DVB
·
July 29, 2024
Photo-Reuters

၂၀၂၆ ကစပြီး ဂျာမနီမှာ တာဝေးပစ်ဒုံးကျည်တွေ အမေရိကန်က ချထားမယ်ဆိုရင် အနောက်ကမ္ဘာနဲ့ အနီးအနားမှာ ရုရှားကလည်း အလားတူ ဒုံးကျည်တွေ ချထားမယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က သတိပေးလိုက်ပါတယ်။

ဒီလိုဆိုရင် စစ်အေးခေတ်ပုံစံ ဒုံးပျံအရေးအခင်း ဖြစ်သွားမယ်လို့ပါ ပူတင်က မှတ်ချက်ပေးခဲ့ပါတယ်။

NATO နဲ့ ဥရောပကာကွယ်ရေးအတွက် အမေရိကန်ရဲ့ ကတိကဝတ်ကို ဖော်ပြတဲ့အနေနဲ့ ၂၀၂၆ ကျရင် တာဝေးပစ်ဒုံးကျည်တွေ ဂျာမနီမှာ တပ်ဆင်သွားမှာဖြစ်တယ်လို့ အခုလ အစောပိုင်းမှာ အမေရိကန်နဲ့ ဂျာမနီက ကြေညာခဲ့ပါတယ်။

လက်ရှိ ဥရောပမှာရှိနေတဲ့ ဒုံးကျည်တွေထက် ဝေးဝေးပစ်နိုင်တဲ့ SM-6၊ တိုမာဟော့ခ် ပဲ့ထိန်းဒုံးကျည်နဲ့ ထုတ်လုပ်ဆဲ အသံထက်မြန်တဲ့ လက်နက်တွေကို ဥရောပမှာ တဆင့်ချင်း တပ်ဆင်သွားမယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

စိန့်ပီတာစဘတ်မြို့တော်မှာ ကျင်းပတဲ့ ရုရှားရေတပ် အထိမ်းအမှတ်နေ့မှာ ပူတင်က ရုရှား၊ တရုတ်၊ အယ်လ်ဂျီးရီးယားနဲ့ အိန္ဒိယ သင်္ဘောသားတွေကို မိန့်ခွန်းပြောခဲ့တာမှာ အခုလို မှတ်ချက်ပေးတာ ဖြစ်ပါတယ်။

ဒီဒုံးကျည်တွေဟာ ရုရှားနယ်နိမိတ်ကို ၁၀ မိနစ်အတွင်း ရောက်နိုင်သလို နောင်မှာ နျူးကလီးယားထိပ်ဖူးတပ် ဒုံးကျည်တွေပါ တပ်ဆင်လာနိုင်တယ်လို့ ပူတင်က ကောက်ချက်ချပါတယ်။

ဒါကြောင့် ရုရှားဘက်ကလည်း အလားတူ တုံ့ပြန်ရလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ အခုဖြစ်စဉ်ဟာ ၁၉၇၉ တုန်းက အနောက်ဥရောပမှာ NATO အဖွဲ့က ပါရှင်း -၂ လောင်ချာတွေ တပ်ဆင်ဖို့ အစီအစဉ်နဲ့ တူညီကြောင်းလည်း ပူတင်က ပြောကြားခဲ့ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013